စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်က အမျိုးသားတွေကို ပြည်သူ့စစ်တာဝန် ထမ်းဆောင်ဖို့ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တွေက ဇူလိုင် ၂၂ ရက်က စတင် စာရင်းကောက်ခံနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဝက်လက်မြို့ခံတဦးက “မြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ၁၊ ၂၊ ၃ အကုန်လုံးကို လိုက်ကောက်တာဗျ။ ဘယ်သူတွေက အဓိက စေခိုင်းတာလဲဆိုတော့ ဝက်လက်မြို့ပေါ်က စစ်ကောင်စီနဲ့ ရဲတွေကနေ မြို့ပေါ်က ပျူတွေကို အရင်စေခိုင်းတာ။ ပထမက ရပ်ကွက် မီးကင်းစောင့်ရမယ်လို့ ပြောတယ်။ နောက်ပိုင်း ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူလုပ်ဆောင်ရမယ်။ မလုပ်နိုင်တဲ့အိမ်က ၃၀,၀၀၀ ပေးရမယ်လို့ ပြောတာဗျ။ အခုကျတော့ ငွေ ၃၀,၀၀၀ ပေးလို့လည်း မရတော့ဘူး။ လူ မဖြစ်မနေ လိုက်ကို လိုက်ရမယ်လို့ အတင်းအကျပ် ခိုင်းလာတာဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီက ခေါ်ယူတဲ့ အသက်အရွယ်တွေက လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေကို အတင်းအကျပ် ခေါ်ယူနေတာဖြစ်ပြီး စစ်သင်တန်းပါပေးဖို့ စီစဉ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ဗိုလ်ဂျိမ်းစဘွန်းက “ကျနော်တို့ ပြည်သူ့ကာကွယ်ေရးအဖွဲ့ဘက်ကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ရာ ပထမ ပြောချင်တယ်။ ကျနော်တို့အနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး လက်နက်ကိုင်တဲ့ ပြည်သူမှန်သမျှကို ပျူစာရင်းသတ်မှတ်ပြီး တိုက်ခိုက်တာတွေ ပြုလုပ်သွားမယ်” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝက်လက်မြို့တခုတည်းကိုသာ လွှမ်းမိုးနိုင်ခြင်း မရှိသေးတာကြောင့် စစ်ကောင်စီဘက်က အခုလို မြို့ပေါ်နေပြည်သူတွေကို ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။