ဩဂုတ် ၁၅ ရက်မှာ ကျင်းပမယ့် ပါရာဂွေးနိုင်ငံသမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ရှိနေတဲ့ ထိုင်ဝမ်ဒုသမ္မတ ဝီလျံလိုင်ဟာ သူ့ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့နဲ့ ဆန်ဖရန်စစ္စကိုမြို့တို့မှာ ခရီးတထောက် ရပ်နားမယ်လို့ ထိုင်ဝမ်သမ္မတရုံးက သြဂုတ် ၂ ရက်မှာ ပြောပါတယ်။
ဇန်နဝါရီလမှာ ထိုင်ဝမ်ကျွန်းရဲ့ သမ္မတ ရွေးကောက်ပွဲအတွက် ရှေ့ပြေးဖြစ်နေသူ လိုင်ဟာ ပါရာဂွေးနိုင်ငံကို အသွား ဩဂုတ် ၁၂ ရက်နေ့မှာ နယူးယောက်မြို့နဲ့ ပါရာဂွေးကနေ အပြန် ဩဂုတ် ၁၆ ရက်မှာ ဆန်ဖရန်စစ္စကိုမြို့မှာ ရပ်နားမယ်လို့ သူ့ရဲ့ရုံးက ပြောပါတယ်။
ပြီးခဲ့တဲ့လက ပထမဆုံးကြေညာခဲ့တဲ့ ဒီခရီးစဉ်ကို တရုတ်ပြည်မကြီး အစိုးရက ဝေဖန်ခဲ့ပြီး လိုင်ကို ခွဲထွက်ရေးသမားအဖြစ် ရှုတ်ချခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်ဝမ်သမ္မတရုံးက ဒုတိယအတွင်းရေးမှူးချုပ် အဲလက်စ်ဟွမ်ကတော့ တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီရဲ့ ဒဏ်ခံရတဲ့ တရုတ်ပြည်မကြီးရဲ့ မြို့တော် ပေကျင်းက ပြည်သူတွေအတွက် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ကသနားစာနာကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး လိုအပ်ရင် ထိုင်ဝမ်က အကူအညီတွေ ပေးသွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source - Reuters