ဒုတိယဝါဆိုလပြည့် ဓမ္မာစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဥ်းထောင်တွေမှာရှိတဲ့ အကျဥ်းသား ၇၀၀၀ ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးရာမှာ လားရှိုး အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တယောက်ပဲ ပြန်လွတ်လာတယ်လို့ အကျဉ်းသား မိသားစုထံက သိရပါတယ်။
သြဂုတ် ၁ ရက် နေ့လယ်မှာ လားရှိုးအကျဥ်းထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသား ၉၆ ယောက် ပြန်လွှတ်ပေးရာမှာ အမျိုးသမီး ၁၃ ယောက်ပါလာပြီး အဲဒီအထဲမှာ မိုးမိတ်မြို့က နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတစ်ဦးလည်း လွတ်မြောက်လာတယ်လို့ ပြန်လွတ်လာသူတွေကို သွားရောက်ကြိုဆိုခဲ့သူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“မိသားစုဝင်တွေကတော့ မနက် ၈ နာရီလောက်ကတည်းက စောင့်နေကြတာအများကြီးပဲ။ မိုးအုံ့နေပေမဲ့ စိတ်လှုပ်ရှားနေရတာပါပဲ။ ညနေ ၃ နာရီလောက်ထိတော့ အမျိုးသမီးတွေပဲ လွတ်နေသေးတာ။ လွတ်မယ်လို့ ရှေ့နေတွေ ပြောသူတွေ ပါမလာဘူး။ ပုဒ်မ ၁၇/၁နဲ့ တခြား ခိုးဆိုးလုနှိုက်တွေ ပိုများတယ်။”
မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်တွေမှာရှိတဲ့ အကျဥ်းသား စုစုပေါင်း ၇၇၄၉ ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆ နှစ်နဲ့ သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ် ၄ နှစ်အသီးသီး လျှော့ပေးလိုက်ပါတယ်။