အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ အရေးပေါ်ကာလ သက်တမ်းတိုးမှုအပေါ် ကုလသမဂ္ဂအပါအဝင် အမေရိကန်၊ ကနေဒါနိုင်ငံတွေက ပြင်းထန်စွာ စိုးရိမ်ပူပန်မိတယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုက အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် ရွေးကောက်ပွဲတွေ ကြန့်ကြာနေတာကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုဆီ အမြန်ဆုံး ပြန်လည် ရောက်ရှိလာစေဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်တာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူ ဖာရန်ဟတ်က “ကျနော်တို့အနေနဲ့ (မြန်မာနိုင်ငံမှာ) စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတဲ့ဘက်ကနေ ရှင်းရှင်း ရပ်တည်နေပါတယ်။ ဖြစ်နိုင်သမျှ အမြန်ဆုံး ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုဆီ ပြန်သွားစေချင်ပါတယ်” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မနက်ပိုင်းမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးကိုတော့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ခဲ့ပြီး လူမြင်ကွင်းကနေ အချိန်အတော်ကြာ ပျောက်နေခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့ပြီး ထောက်ခံခဲ့တာကို တွေ့ရပါတယ်။
အမေရိကန်နိုင်ငံကတော့ လတ်တလော တိုင်းပြည်က အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေထဲ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ထိုးဆင်းနေချိန်မှာ မြန်မာစစ်အုပ်စုက အရေးပေါ် အခြေအနေ ကြေညာ သက်တမ်းတိုးလိုက်တဲ့အပေါ် လွန်စွာ စိုးရိမ်ပူပန်နေတယ်လို့ အဲဒီနေ့မှာပဲ ထုတ်ပြန်လိုက်တာပါ။
ကနေဒါနိုင်ငံကလည်း မြန်မာစစ်တပ်ရဲ့ အရေးပေါ်ကာလ သက်တမ်းတိုးမှု၊ မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားမှု၊ မြန်မာနိုင်ငံအပေါ် စစ်တပ် တရားမဝင် အုပ်စိုးမှုတွေကို ကြာရှည်စေခြင်းတို့အပေါ် ပြင်းထန်စွာ စိုးရိမ်ပူပန်မိတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်ကို အာဏာသိမ်း ဖြုတ်ချခဲ့တာကို တခဲနက် ဆက်လက်ရှုတ်ချပြီး ရက်စက်ကြမ်းကြုတ်မှုတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ဆိုးရွားစွာ ချိုးဖောက်နေမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီအပေါ် စိတ်အားထက်သန်မှုတွေကိုလည်း ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူနည်းစု တိုင်းရင်းသားတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ ရိုဟင်ဂျာ အကျပ်အတည်း၊ အခုနောက်ဆုံး စစ်အာဏာသိမ်းမှုနဲ့ အရေးပေါ် အခြေအနေ ဆက်လက်ကြေညာနေမှုတွေရဲ့ အရင်းခံ အကြောင်းအရင်းတွေကိုလည်း အဖြေရှာဖို့ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီက ခုလိုမျိုး အာဏာသက်တမ်း ဆက်တိုးနေပေမဲ့ NUG အစိုးရအပါအဝင် ဒီမိုကရေစီ တော်လှန်ရေးအင်အားစုတွေကတော့ စစ်အာဏာရှင်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ဖယ်ရှားဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောထားကြပါတယ်။