ဩဂုတ် ၁ ရက်နေ့မှာ ကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အနေနဲ့ ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်ကနေ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက် အပါအဝင် အကျဉ်းသား ၅၄ ယောက်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့ ထောင်ဝန်ထမ်းတဦးက ပြောပါတယ်။
ပြန်လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ကိုချစ်မွှေး၊ ကိုသက်ဇော်ဦး၊ ကိုဝေယံဦး၊ ကိုရန်နောင်စိုးနဲ့ ကိုချစ်ဦးမောင်တို့ ပါလာပြီး သူတို့အားလုံးက ပေါင်းတည်မြို့နယ်၊ မဲခေါင်းရွာက အမှုတွဲတွေဖြစ်ကာ လွတ်ရက်စေ့ဖို့ ၃ လလောက်ပဲ လိုတဲ့သူတွေဖြစ်တယ်လို့ ထောင်ရှေ့မှာ သွားကြိုနေတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်က ပြောပါတယ်။
“၆ လအောက်တွေပဲလွှတ်တာ။ ဒီမှာက ၅၀၅ တွေလည်း သိပ်မရှိတော့ဘူး။ လွတ်နီးအနေနဲ့ အရင်တုန်းကလိုပါပဲ။ တခြားအကျဉ်းသား လူဆိုးသူခိုးတွေပဲ လွှတ်တာ။ ပြီးတော့ သူတို့ပဲ မကြာခင် ထောင်ထဲပြန်ရောက်လာမှာ။ အခုလွတ်တဲ့အထဲမှာ ကျနော်တို့ နိုင်ကျဉ်းဘက်က ၅ ယောက် ပုဒ်မတွေက ၅၀၅ တယောက်၊ ၃၀၇ နှစ်ယောက်နဲ့ ပုဒ်မ ၄၂၇ နှစ်ယောက်။ သူတို့က လွတ်ဖို့ ၆ လတောင် မကျန်တော့ဘူး။ မကြာခင်လွတ်မယ့်သူတွေ၊ သူတို့က ၂၀၂၁ ခုနှစ် ၆ လပိုင်းလောက်ကတည်းက အဖမ်းခံထားရပြီး၊ ၃ နှစ်ကျော်ပဲ ထောင်ချထားတာ။”
ဒီနေ့ ပေါင်းတည်ထောင်က လွတ်တဲ့အထဲမှာ အမျိုးသမီး ၉ ဦး အပါအဝင် စုစုပေါင်း ၅၄ ယောက်ဖြစ်ပြီး သူတို့ကို ဘာအတွက်လွှတ်တယ်ဆိုတာတော့ ထောင်က မပြောဘူးလို့ သိရပါတယ်။
ဒီကနေ့ ဒုတိယဝါဆိုလပြည့်နေ့မှာ ကျရောက်တဲ့ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ် အဖြစ်လည်းကောင်း၊ ပြည်သူလူထု စိတ်ဝမ်းအေးချမ်းရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူပေါင်း ၇,၇၄၉ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးအမိန့်နဲ့ ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
အကျဉ်းသားတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်တွေ လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။