ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်းရေဟာ ရုတ်တရက် ကျသွားတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။
ဇူလိုင် ၃၁ ရက် ညဦးပိုင်းကစပြီး မြို့လယ်ခေါင်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဟာ မျက်နှာပြင် တဖြည်းဖြည်း ကျဆင်းသွားပြီး ညသန်းခေါင်ယံအချိန်မှာ ၅ ပေ ကျဆင်းသွားခဲ့သလို ဒီကနေ့ ဩဂုတ် ၁ ရက် မနက်မှာတော့ ကျောက်တွေပေါ်တဲ့အထိ ရေခန်းသွားတာ ဖြစ်ပါတယ်။
လွိုင်ကော်မြို့ခံတဦးက “လွိုင်ကော်ရဲ့ အသက်သွေးကျော ဘီလူးချောင်း ဘယ်လိုတောင် ဖြစ်ရတာလဲကွာ။ မနေ့ကထိတောင် ရေအပြည့်၊ အမှန်ဆို လပြည့်နေ့မို့ ရေပိုပြည့်နေရမှာလေ၊ တသက်နဲ့တကိုယ် ခုမှမြင်ဖူးတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
နောက်ထပ်မြို့ခံတွေကတော့ ဒေါတခြားရေတံခါး အမှိုက်တွေညပ်လို့ တံခါးဂျမ်းဖြစ်သွားပြီး ဘီလူးချောင်းထဲက ရေတွေ ကျသွားတာလို့ ပြောပါတယ်။
“ဒေါတခြားရေတံခါး ချို့ယွင်းပြီး အမှိုက်တွေခံပြီး ဂျမ်းဖြစ်သွားတယ်လို့ သိရတယ်။ ခု ပြုပြင်ပြီး ဖြည်းဖြည်းချင်း ရေပြန်တက်လာနေတယ်လို့ သိရတယ်။”
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ် ၂ ကို ဆက်သွယ်ခဲပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
လွိုင်ကော်မြို့မှ အရာရှိတဦးကတော့ “အခု ရေပြန်တက်လာပါပြီ၊ မကြာခင် နဂိုနေရာအတိုင်း ပြန်ရောက်လာမှာပါနော်” လို့ ပြောဆိုပြီး ဘာကြောင့် ဒီရေခန်းသွားလဲဆိုတာကိုတော့ ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
ဘီလူးချောင်းဟာ ဒေသခံတွေသာမက တနိုင်ငံလုံးအသုံးပြုတဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ နေရာမှာလည်း မရှိမဖြစ်လိုအပ်တဲ့ ချောင်းဖြစ်ပြီး ကယားပြည်နယ်တွင်း ဒေသခံတွေကလည်း စိုက်ပျိုးရေး၊ သောက်သုံးရေတွေကိုလည်း အသုံးပြုအားထားတဲ့ချောင်း ဖြစ်ပါတယ်။