ကရင်နီ(ကယား) ပြည်နယ်ရဲ့ အဓိကလမ်းမတခုဖြစ်တဲ့ လွိုင်ကော်-မိုးဗြဲလမ်းမကြီးပေါ်မှာ ဇူလိုင် ၂၀ ကနေ ၂၈ ရက်အထိ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇူလိုင် ၃၁ ရက်နေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၂၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေဟာ အင်အားလုံးအရင်းနဲ့ ကရင်နီ(ကယား) ပြည်နယ်ဘက်ကို စစ်အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင် ၂၄ နဲ့ ၂၅ ရက် နှစ်ရက်တာအတွင်း လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ မိုးဗြဲဘက်မှ စစ်ယာဥ်တန်းကားတွေနဲ့ လွိုင်ကော်ဘက်ကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကရင်နီတပ်မတော် KA၊ KNDF တပ်ရင်းတွေနဲ့ လွိုင်ကော် PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
အဲဒီ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အယောက် ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ကြီး လက်နက်ငယ်တွေအပြင် ဆက်စပ် ခဲယမ်းမီးကျောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းခဲ့သလို စစ်သုံးကား ၁ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားပါတယ်။
အလားတူ ဖယ်ခုံ - မိုးဗြဲ လမ်းမကြီးကနေ လွိုင်ကော်မြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်ကို KNDF တပ်ရင်း ၃ နဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ စစ်ယာဥ်တန်းကားတွေအပြင် အရပ်သားကားအသွင်ယူပြီး လွိုင်ကော် - မိုးဗြဲ - ဖယ်ခုံ လမ်းမကြီးမှတဆင့် လွိုင်ကော်မြို့အတွင်း ဝင်ရောက်နေမှုကြောင့် ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ပြည်သူတွေအနနဲ့ အဆိုပါလမ်းမကြီးတွေကို အသုံးပြုသွားလာတဲ့အခါ စစ်ရေးအသိ၊ သတိနဲ့ အလေးထားသွားလာဖို့လည်း KNDF က သတိပေးထားပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ ပတ်သက်လို့ သီးခြားအတည်မပြုနိုင် သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိပါဘူး။