မွန်ပြည်နယ်၊ သထုံမြို့မှာ ဇူလိုင် ၃၁ ရက် ညပိုင်းက မိုးသည်းပြီး လေပြင်းတိုက်တာကြောင့် သထုံ ဘူတာဝင်းရှိ ရထားလိုင်းခန်း နေအိမ်ပေါ် ကုက္ကိုပင် ပြိုကျခဲ့ပြီး လူ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေပြင်းတိုက်ခတ်မှု အရှိန်ကြောင့် ကုက္ကိုပင်ဟာ အမြစ်ကနေ ကျွတ်ကာ နေအိမ်ပေါ် ပိကျခဲ့ရာမှ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး သုံးယောက် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ သထုံဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပါတယ်။
အလားတူ ဇူလိုင် ၃၁ ရက် ညနေပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာမှာလည်း လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်တချို့၊ စာသင်ကျောင်းနဲ့ သုသာန်အမိုးတွေ လွင့်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။
အခုရက်တွေမှာ မိုးသည်းထန်ပြီးမိုး သက်လေပြင်းတိုက်မှုတွေတွေကြောင့် ရေကြီးရေလျှံတာ၊ တောင်ပြိုတာတွေ ကြုံတွေ့နိုင်တယ်လို့ မိုးဇလဗေဒက ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လအတွင်း မွန်ပြည်နယ်ထဲမှာ မြစ်ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုကြောင့် လူ ၄ ယောက် သေဆုံခဲ့ပြီး လူနေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။