လွတ်လပ်ရေးကို အင်အားသုံးပြီးရယူဖို့ ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ရဲ့ ကြိုးပမ်းမှုဟာ ထိုင်ဝမ်ကျွန်းကို ခဲယမ်းမီးကျောက် သိုလှောင်ရုံအဖြစ် ပြောင်းပစ်ပြီး ထိုင်ဝမ်လူငယ်တွေကို အမြောက်စာတွေအဖြစ် အဆုံးသတ်စေနိုင်တယ်လို့ တရုတ်ပြည်မကြီးအစိုးရ ထိုင်ဝမ်ရေးရာ နိုင်ငံတော်ကောင်စီရုံးက ပြောရေးဆိုခွင့်ရှိသူ တဦးက ဇူလိုင် ၃၀ ရက်မှာ ပြောပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေးဟာ နိဂုံးချုပ်သွားပြီလို့ ချန်ကပြောပြီး DPP အာဏာပိုင်တွေ ဒါမှမဟုတ် ထိုင်ဝမ်လွတ်လပ်ရေးတပ်တွေက အမေရိကန်လက်နက်တွေ ဝယ်ယူရာမှာ ဘယ်လောက် အခွန်ငွေတွေ သုံးစွဲနေပါစေ ထိုင်ဝမ်မေးခွန်းကို ဖြေရှင်းဖို့ တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ချန်က ပြောပါတယ်။
ထိုင်ဝမ်အတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၃၄၅ သန်း ပေးမယ်လို့ အမေရိကန်က သောကြာနေ့မှာ ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ပြောရေးဆိုခွင့်ရှိသူ ချန်ပင်းဟွာက ထိုင်ဝမ်အတွက် အမေရိကန်က လက်နက်တွေပေးတာကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်၊ တရုတ်ပြည်မကြီးအစိုးရရဲ့ ရပ်တည်ချက်က ပြတ်သားပြီး တသမတ်တည်းရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) က အာဏာပိုင်တွေဟာ ခွဲထွက်ရေးမူဝါဒကို ခေါင်းမာမာ ချမှတ်ခဲ့ပြီး လွတ်လပ်ရေးရယူဖို့ အမေရိကန်ကို အားကိုးရင်း အင်အားသုံးပြီး လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းခဲ့တယ်လို့ ချန်က ပြောပါတယ်။
စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့နဲ့ အမေရိကန်ဆီက လက်နက်တွေ အကူအညီတွေကို တရစပ် တောင်းနေခဲ့တယ်လို့လည်း ချန်က ဆက်ပြောပါတယ်။
ဒီလုပ်ရပ်တွေဟာ ထိုင်ဝမ်ကို ယမ်းစည်ပိုင်းတွေနဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေအဖြစ် ပြောင်းလဲစေပြီး ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာတဲ့ အခြေအနေတွေကို ပြင်းထန်လာစေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောခဲ့ပါတယ်။
DPP ဟာ လမ်းမှားအတိုင်း ဆက်သွားနေရင် ထိုင်ဝမ်က လူငယ်တွေဟာ အမြောက်စာတွေ အဖြစ် အဆုံးသတ်သွားမယ်လို့ ချန်က မှတ်ချက်ပြုခဲ့ပါတယ်။
နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့ စွမ်းအားကို မပြောင်းလဲနိုင်ဘူးလို့လည်း ပြောပါတယ်။
Source - Reuters