ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ဖိလစ်ပိုင်မြို့တော် မနီလာမှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနဲ့ တွေ့ဆုံပြီးတဲ့နောက် ဥရောပသမဂ္ဂဟာ ဖိလစ်ပိုင်နဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဖို့ အဆင်သင့်ရှိတယ်လို့ ဇူလိုင် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။
အာဆူလာ ဗွန်ဒါလေယန်က “သတင်းအချက်အလက်တွေ မျှဝေရင်း၊ ခြိမ်းခြောက်မှုတွေကို အကဲဖြတ်ရင်းနဲ့ ရှင်တို့ရဲ့ နိုင်ငံ့ကမ်းရိုးတန်း စောင့်ကြည့်ရေးစင်တာနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ စွမ်းရည်ကို တည်ဆောက်ခြင်းအားဖြင့် ဒေသတွင်း ရေကြောင်းလုံခြုံရေးအတွက် ဖိလစ်ပိုင်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဖို့ ကျမတို့ အဆင်သင့်ရှိပါတယ်” လို့ မားကို့စ်နဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ပြော ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် နယ်မြေကို လွှမ်းခြုံထားပြီး အမေရိကန်နဲ့ တရုတ်ကြား ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှု အပြည့်အဝရှိတဲ့ နိုင်ငံတနိုင်ငံပါ။
တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံကလည်း အချုပ်အခြာအာဏာပိုင်တယ်လို့ အခိုင်အမာ ဆိုထားပြီး မဟာဗျူဟာနဲ့ သယံဇာတ ကြွယ်ဝတဲ့ ရေလမ်းတခု ဖြစ်ပါတယ်။
ခေါင်းဆောင်တွေဟာ လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်နဲ့ ဖိလစ်ပိုင်ရဲ့ စွမ်းအင်အကူးအပြောင်းအတွက် စေ့စပ်ညှိနှိုင်းမှုတွေကို ပြန်စဖို့ ဆွေးနွေးခဲ့ကြပါတယ်။
Source - Reuters