မန္တလေးဘက်ကနေ စစ်ကိုင်းဘက်ကိုတက်လာတဲ့ စစ်ကောင်စီ ထောက်ပို့ ရေယာဉ်တွေဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာတွေကို ပစ်ခတ် လမ်းကြောင်းရှင်းနေတာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရကြပါတယ်။
ဇူလိုင် ၂၆ ရက်နေ့က မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းကနေ စစ်ကိုင်းဘက်ကို ထွက်လာခဲ့တဲ့ စစ်ကောင်စီထောက်ပို့ရေယာဉ် ၆ စီးနဲ့ ကာကွယ်ရေးယာဉ် ၃ စီးဟာ ဧရာဝတီမြစ်ရိုးတလျှောက် ကမ်းဘေးကျေးရွာတွေကို ခြိမ်းခြောက်ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်ပြီး လမ်းကြောင်းရှင်းနေတယ်လို့ မတ္တရာဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။
မြေပြင်စစ်ရေးအသာစီးမရတာကြောင့် ရေလမ်းခရီးကို အဓိကအားထားနေရတဲ့ စစ်ကောင်စီဘက်က ချင်းတွင်းမြစ်ရိုးကနေလည်း ထောက်ပို့ရေယာဉ် ၅ စီး တက်လာနေပြီး မိုးတွင်းကာလ မြစ်ပြင်ကျယ်တာကြောင့် လက်နက်အင်အား မပြည့်စုံတဲ့ PDF တွေက တုံ့ပြန်တိုက်ခိုက်ဖို့ အခက်အခဲရှိနေပါတယ်။
မတ္တရာဒေသခံ PDF ခေါင်းဆောင်တယောက်က "ဂေါဝိန်မှာ "ပ"စီးရီးခေါ်တာပေါ့ဗျာ။ ပတိုင်းတို့ ပေါက်တန်းတို့ ပင်လုံတို့ အဲဒီနာမည်တွေနဲ့စတဲ့ဟာ ၆ စီးက ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နဲ့ လက်နက်ခဲယမ်းတွေ တင်ထားတယ်ဆိုတဲ့ သတင်းကရှိတယ်။ ဓားပြတိုက်လို့ရထားတဲ့ ဟာတွေပေါ့ဗျာ။ အဲဒါကို လုံခြုံရေးလိုက်ထားတဲ့ ၃ စီးမှာ ကမ်းထိုးရေယာဉ်က ၂ စီးပါတယ်၊ သင်္ဘောအငယ်တစီးပါတယ်။ အဲဒီရေယာဉ်တွေမှာက အကုန်လုံးက တာယာတွေချည်းပဲ။ ပဲ့စင်ပေါ်ကနေ သူတို့က မြစ်ကမ်းနဖူးရွာတွေကို ပစ်တာ၊ ၂၆ ရက်နေ့က ပိုဝ(မြောက်)ရွာကနေ စပစ်သွားတာ၊ စိန်ပန်းကုန်းမှာပစ်တယ်၊ သားအမိ ၂ ယောက်ထိတယ်၊ အဲဒီသတင်းမှန်တယ်၊ အင်ဒေါင်း၊ ရွာသစ်ဘက်တွေမှာပစ်တယ်၊ ပစ်ခတ်မှုက ကမ်းနဖူးတောက်လျှောက် ကြိုကြားကြိုကြား အဲလိုပစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီထောက်ပို့ရေယာဉ်တွေဟာ မြစ်ကမ်းဘေးပျူရွာတွေကနေတဆင့် ရိက္ခာနဲ့ ခဲယမ်းထောက်ပို့နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဒီရေယာဉ်လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ ဒေသတွင်း PDF တွေက စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။