တိုက်စစ်မှူး ဒါဝင်နူညက်ဇ်အနေနဲ့ ပွဲထွက်ခွင့်ရချင်တယ်ဆိုရင် ခံစစ်ကစားပုံ ပိုမိုကောင်းမွန်ဖို့ လို အပ်ကြောင်း လစ်ဗာပူးနည်းပြယာဂန်ကလော့ပ်က သတိပေးလိုက်ပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ မနှစ်က ပရီးမီးယားလိဂ်မှာ ထင်သလောက်ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့လို့ ပုံမှန်ပွဲထွက်ခွင့် သိပ်မရခဲ့ပါဘူး။
လာမယ့်ရာသီမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရချင်ရင်တော့ ခံစစ်ကစားပုံပိုကောင်းဖို့လိုကြောင်း နည်းပြကလော့ပ်က သတိပေးခဲ့တာပါ။
နည်းပြကလော့ပ်က “နှေးကွေးတဲ့ခံစစ်ကစားပုံနဲ့ အသင်းတစ်သင်းက အမှန်တကယ်အောင်မြင်မှုရတယ်လို့ မကြားခဲ့ဖူးပါဘူး။ ခံစစ်ကစားတဲ့နေရာမှာ အတူတကွနည်းလမ်းရှာဖို့ လိုပါတယ်။ ဒါဝင်နူညက်ဇ်အပါအဝင် အသင်းကတိုက်စစ်မှူးတွေရဲ့ အရည်အသွေးတွေကို သိရှိ ထားပြီးသားပါ။ သူတို့အနေနဲ့ တိုက်စစ်ပိုင်းအပြင် ခံစစ်ပိုင်းမှာလည်း လိုက်ပါကစားပြီး ခုခံကာကွယ်နိုင်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။
နူညက်ဇ်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ အထူး ခြေစွမ်းပြနေပြီး ခြေစမ်းပွဲသုံးပွဲမှာ လေးဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။