စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူကျေးရွာကို ဇူလိုင် ၂၉ ရက်နေ့ မနေ့ည ၇ နာရီကျော်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မိန်းကလေးငယ် ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “လက်နက်ကြီးကျည်ကျလို့ အသက် ၁၅ နှစ်အရွယ် ကလေးမတယောက်သေတယ်။ နောက်ပြီး အရပ်သား ၃ ယောက် ဒဏ်ရာရခဲ့တယ်။ မုံရွာမြို့အထွက် မအူစစ်ဆေးရေးဂိတ်ကနေ ရွာဘက်ကိုပစ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီက ပစ်ခတ်လို့ဒဏ်ရာရရှိသူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက်လည်းပါဝင်ပြီး ကျန် ၂ ယောက်ကလည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတွေကတော့ အခုလိုပစ်ခတ်တဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ရွာအနီးမှာ တပ်စွဲထားတာ မလိုလားကြဘူးလို့ သိရပါတယ်။
"ညတိုင်း ညတိုင်းပစ်တာဆိုတော့ ရွာအနီးကိုမရှိစေချင်တော့ဘူး။ အရပ်သားတွေအတွက် ညတိုင် ညတိုင်း အသက်အန္တရာယ်နဲ့ ကြုံနေရတယ်။ မနေ့ညကလည်း သူတို့လက်နက်ကြီးနဲ့ပစ်ခတ်လို ကျနော့်တူမလေး အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ မထက်အိ ဦးခေါင်းထိမှန်ပြီးသေတယ်ဗျ” လို့ ဆွေမျိုးတော်စပ်သူတယောက်က ပြောပါတယ်။
မအူစစ်ဆေးရေးဂိတ်က အခုလိုပစ်ခတ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ကလည်း အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။