တနင်္သာရီတိုင်းက စစ်ကောင်စီရဲ့ ဒုတိုင်းမှူးအပါအဝင် ထိပ်တန်းအရာရှိ ၃ ယောက်ကို အခု ဇူလိုင် နောက်ဆုံးပတ်မှာ နေပြည်တော်က လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူတွေကတော့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်ချုပ် သစ်လွင်ထူး၊ တနင်္သာရီတိုင်းရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းနဲ့ ကော့သောင်းခရိုင် ခမောက်ကြီးမြို့ အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်က တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့ ပါဝင်တယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ နီးစပ်သူတယောက်က “မြိတ်ကမ်းနားမှာရှိတဲ့ သင်္ချိုင်းမြေတွေကို ကရခ ပိုင်ဆိုလုပ်ပြီး ခရိုနီတယောက်ကို ပြန်ရောင်းစားတယ်။ ကမ်းနားမြေက ဧကထောင်နဲ့ ချီ ပြီးရှိတော့ ခရိုနီတယောက်နဲ့ပေါင်းပြီးလုပ်စားတာဖြစ်မယ်။ အဲဒီအပေါ်မှာ ခရိုနီတစုက ကာကွယ်ရေးဦးစီးချုပ်ကို တိုင်လိုက်တယ်။ တိုင်လိုက်ချိန်မှာ နေပြည်တော်အဖွဲ့ကနေပြီး လာရောက်စစ်ဆေးတယ်”လို့ ပြောပါတယ်။
အခုလို ထိပ်တန်းအရာရှိတွေဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး တပ်တွင်းအရင်းအမြစ် သတင်းအချက်အလက်တွေအရ လာဘ်စားတာတွေနဲ့ ရွှေတွင်း သတ္တုတူးတာတွေ အတွက် လုပ်ငန်းရှင်တွေဆီကနေ ငွေတောင်းခံတာတွေကြောင့် လုံနယ် ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း အဖမ်းခံရပြီး နေအိမ်ပါချိပ်ပိတ်ခံထားရတယ်လို့ သိရပါတယ်။
ပြီးတော့ ဒုတိုင်းမှူး ဗိုလ်ချုပ်သစ်လွင်ထူးလည်း အဖမ်းခံလိုက်ရပြီး ကော့သောင်း ခမောက်ကြီး တပ်မမှူးက နေပြည်တော်မှာ အစစ်ခံနေရပြီ လို့ သိရပါတယ်။
ဒါ့အပြင် မြိတ်ခရိုနီ ဦးလှသန်းလည်း အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ ပြောဆိုနေကြပြီး ဦးလှသန်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ တိုင်းရုံးက အရာရှိတယောက်ကို မွေးနေ့လက်ဆောင်ဆိုပြီး သိန်း ၁၈၀၀ တန် ကားတစီးဝယ်ပေးခဲ့တယ်လို့ တပ်တွင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
နယ်လုံဝန်ကြီး သိန်းလင်းဟာ ဇူလိုင်လအစောပိုင်းက တနင်္သာရီတိုင်း၊ မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်တို့မှာ ထိုင်းနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေထည်ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းတွေကို အကြီးအကျယ်စစ်ဆေးခဲ့ပြီး ကာလတန်ဖိုး သိန်းသောင်းချီ ဖမ်းဆီးခဲ့တယ်လို့ မြိတ်လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အခုလိုစစ်ကောင်စီရဲ့ အရာရှိတွေကို ဖမ်းဆီးထိန်းသိမ်းတာဟာ တနင်္သာရီတိုင်းမှာ ပထမဆုံးဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်ချုပ် သစ်လွင်ထူး ရာထူးကနေ ဖယ်ရှားခံရနိုင်သလို လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းကတော့ ထောင်ကျနိုင်တဲ့ အခြေအနေရှိတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။