စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မနေ့ညနေက အမှိုက်ကောက်တဲ့ အမျိုးသားတယောက် မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက်ကြေမွသွားခဲ့ရတယ်လို့ သိရပါတယ်။
ဆည်မြောင်းရုံးနားက ကျန်စစ်သားလမ်းပေါ်မှာ ညနေ ၅ နာရီခွဲလောက်က အမှိုက်လာကောက်တဲ့ အောင်မင်္ဂလာရပ်ကွက်က အသက် ၃၁ နှစ်အရွယ် အမျိုးသားတယောက် မိုင်းနင်းမိခဲ့တာပါ။
ဆည်မြောင်းရုံးအနီးဒေသခံတယောက်က "ဆည်မြောင်းရုံးမှာက စစ်သားတွေ တပ်စွဲနေတာကြာပြီ။ အဲဒီမှာ ခဏခဏတိုက်ပွဲဖြစ်တယ်။ ရုံးအနီးပတ်ဝန်းကျင်မှာ စစ်သားတွေက မိုင်းထောင်ထားတာ လူသွားလူလာသိပ်မရှိဘူး။ သူက မသိလို့သွားမိတာဖြစ်နိုင်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
မိုင်းပေါက်ကွဲသံကြားပြီးနောက် စစ်ကောင်စီတပ်သားတွေက ရုံးထဲကထွက်လာပြီး စစ်ဆေးခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
အဲဒီ မိုင်းနင်းမိတဲ့အမျိုးသားကို ရုံးအနားမှာရှိတဲ့ ကေတီဗွီ ဝန်ထမ်းတချို့က မြို့တွင်းက ဆေးရုံကို ကားနဲ့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။