မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်း၊ ပျူစောထီးတွေ နေထိုင်တဲ့ တပ်ကုန်းနဲ့ ရွာသစ်ကျေးရွာတို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ မြိုင်ပကဖ တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
ဒရုန်းနဲ့အီနာဂါဗုံးသီး ၉၈ လုံး၊ ရှော့တိုက်ရော့ကတ် ၂၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် သူတို့ဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေ ရှိနိုင်ပြီး အတိကျမသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။
ပေါက်မြို့နယ်၊ ပျဥ်ထောင်ကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ကိုလည်း ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်းတွေ၊ ရှော့တိုက်ရော့ကက်တွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ မြိုင်မြို့နယ် ပကဖဆီကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၃၊ တပ်ခွဲ ၅၊ ပေါက်ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဇူလိုင် ၂၈ ရက် ညနေပိုင်းမှာ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကန်နီပျူစောထီးရွာကို အညာဒေသအခြေစိုက် မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့-MRG နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ပျူစောထီးကန်နီရွာအတွင်းကလည်း စက်ကလေး၊ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ခဲ့ပြီး ည ၈ နာရီလောက်အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
"၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးသီးသန့်ဆိုပေမဲ့ လက်နက်ငယ်ကာဗာတော့ပါတာပေါ့ဗျာ။ အဲ့ပွဲက ကျနော်လည်းပါတော့ အထိအခိုက် ရှိမှန်းတော့ သိပေမဲ့ အတည်မပြုနိုင်သေးပါဘူးခင်ဗျ" လို့ ဆိုပါတယ်။
မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ဟာ အညာဒေသကိုအခြေစိုက်လှုပ်ရှားနေပြီးတော့ လက်နက်ကြီး ထုတ်လုပ်မှုတွေအောင်မြင်ထားသလို ကျေးလက်ဒေသတင်မကဘဲ မြို့ပြကိုပါ မကြာခင်ထိုးဖောက်နိုင်အောင်ကြိုးစားနေပြီး ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တည်ရှိရာတွေနဲ့ စစ်ကောင်စီရဲ့ထောက်တိုင်တွေကို အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
လက်ရှိမှာတော့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG ဟာ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာရှိတဲ့ နာမကျန်းသူ ကလေးသူငယ်အပါအဝင် သက်ကြီးရွယ်အိုတွေကို တပ်ရင်းကဖွင့်လှစ်ထားတဲ့ ဆေးခန်းမှာ ကျန်းမာရေးစောင့်ရှောက်ပေးနေသလို ပြည်သူလူထုရဲ့အလုပ်တွေကိုလည်း တတ်စွမ်းသရွေ့ ဝိုင်းဝန်းကူညီပေးပြီး တော်လှန်ရေးမှာပါဝင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။