Home
မြန်မာသတင်း
CDF မတူပီက ဒုရဲအုပ်တဦးကို ဖမ်းဆီး၊ CDF ကန်ပက်လက် ထောက်ပံ့မှုလိုအပ်
DVB
·
July 29, 2023
363338826_804267518093203_2595161785203654954_n

မတူပီရဲစခန်းက ဒုရဲအုပ်တယောက်ကို CDF-Matupi က လက်နက်နဲ့ ဖမ်းမိခဲ့ပြီး  CDF-Kanpetlet ဟာလည်း စစ်ဆင်ရေးတွေ အများကြီးလုပ်ခဲ့ရလို့ အထောက်အပံ့တွေ လိုအပ်နေတယ် လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်မှာ CDF-Matupi က စစ်ဆင်ရေးတခုပြုလုပ်ခဲ့ပြီး မတူပီရဲစခန်းက ဒုရဲအုပ်အဆင့် ချမ်းမြေ့အောင်ဆိုသူကို လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ CDF-Matupi ပြန်ကြားရေးက ဇူလိုင် ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က မတူပီမြို့၊ ဖနိုင်ကျေးရွာနဲ့ မတူပီခရိုင်ရုံးနားမှာ ခြောက်လုံးပြူးတလက်၊ လက်ပစ်ဗုံးနှစ်လုံး၊ ကျည်ဆံ ၅၈ တောင့်နဲ့အတူ ကိုယ်ပိုင်အမှတ် လ-၂၃၁၉၀၈ ဒုရဲအုပ်ချမ်းမြေ့အောင်ကို ဖမ်းဆီးခဲ့တာလို့  CDF-Matupi ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

"ဒုရဲအုပ်ချမ်းမြေ့အောင်ကို စစ်ဆင်ရေးတရပ်ပြုလုပ်ပြီး ဖမ်းဆီးခဲ့တာပါ။ အခု လောလောဆယ်တော့ ဒီအတိုင်းပဲ ချုပ်ထားသေးတယ်။ နောက်ကျရင်တော့ ကျနော်တို့ စည်းကမ်းအရ အရေးယူမှုတွေ၊ ပြစ်ဒဏ်တွေချပေးမှာပါ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ဝ ရက်နေ့တုန်းက CDF-Matupi က ဦးစီးပြီး တောင်ပေါ်ဒေသ ပြည်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေ လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ ဆေးသင်တန်းအပတ်စဥ် ၂ ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ဒေသခံပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးထားနိုင်သလို ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ် လို့လည်း သိရပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်အခြေစိုက် CDF-Kanpetlet ဟာ ပြီးခဲ့တဲ့ တလအတွင်း တိုက်ပွဲတွေအများကြီးရင်ဆိုင် တိုက်ခိုက်ခဲ့ရလို့ စစ်ဆင်ရေးနဲ့ အထွေထွေ အသုံးစရိတ်အဖြစ် ကျပ်သိန်း ၁၀၀၀ ကျော် သုံးစွဲခဲ့ရပြီး လက်ရှိမှာ စစ်ဆင်ရေး ထောက်ပံ့မှုလိုအပ်နေတယ်လို့ CDF-Kanpetlet တပ်မဟာမှူးဆီက သိရပါတယ်။

ဇူလိုင် ၁၄ ရက်က စလို့ ကန်ပက်လက်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်နေတာဖြစ်ပြီး လက်တလောအချိန်အထိ တိုက်ပွဲ ၁၄ ကြိမ်လောက်ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း ပျမ်းမျှအားဖြင့် တနာရီကို ၄ဝ မမ လက်နက်ကြီး ၁ဝ လုံး၊ RPG ၄ လုံး၊ ကျည်အတောင့် ၅ဝဝ ကျော်နဲ့ မိုင်းတွေ အသုံးပြုနေရတဲ့အတွက် လိုအပ်ချက်တွေရှိနေတာလို့ CDF-Kanpetlet တပ်မဟာမှူး ဆလိုင်း ထွန်းလိန်းထန်းက ဒီဗွီဘီကို ပြောပါတယ်။

"စစ်တပ်က တိုက်ပွဲတွေအတွင်းမှာ လေယာဥ်တွေလည်း ပေါပေါလောလော သုံးတာမျိုးရှိပါတယ်။ ၁၈ ရက်နေ့ကဆိုရင် တိုက်လေယာဉ်တွေနဲ့ အကြိမ် ၂၀ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒါကြောင့် ကျနော်တို့ဘက်ကနေ ပြန်ခုခံရတဲ့အပိုင်းမှာ ကုန်ကျမှုတွေများစွာရှိနေလို့ ကူညီပေးစေလိုပါတယ်"လို့ ဆိုပါတယ်။

ကန်ပက်လက်မြို့မှာ လက်ရှိအချိန်အထိ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ စစ်ရေးတင်းမာနေပြီး ဇူလိုင် ၁၈ ရက်နေ့က စစ်ကောင်စီတိုက်လေယာဉ်ပစ်ခတ်မှုမှာ မဆာတွီရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတကျောင်းအပါအဝင် လူနေအိမ် ၅ လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ကန်ပက်လက်မြို့က အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်းတွေက ရဲတွေကိုတပ်ချိန်းတဲ့ စစ်ကြောင်းက ကျောက်ထုတပ်ထဲကို ပြန်လည်ဆုတ်ခွာသွားခဲ့ပေမဲ့ ကျင်ဒွေးမြို့ကိုသွားရောက်မဲ့ စစ်ကောင်စီထောက်ပို့ယာဥ် ၂၇ စီးထဲက ၂၅ စီးဟာ ဇူလိုင် ၂၇ ရက်နေ့ညပိုင်းမှာ ကျင်ဒွေးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲပူးပေါင်းပြီးဖြစ်တယ်လို့ သိရပါတယ်။

ကျေးရွာတွေက ဒေသခံတွေလည်း စစ်ရှောင်နေကြရပြီး မဆာတွီရွာနေ ပြည်သူတယောက်ဟာ ဒီနေ့အထိ ပျောက်ဆုံးနေပါတယ်။

ကျင်ဒွေး-လောင်းရှည်လမ်းပိုင်းကို ပြည်သူတွေအနေနဲ့ လုံးဝ လုံးဝ အသုံးမပြုကြသေးဖို့ တိုက်တွန်းတယ်လို့လည်း CDF Kanpetlet တပ်မဟာမှူးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024