Home
မြန်မာသတင်း
ဘုရားသုံးဆူ မူဂျာထိပ်စခန်းကို  ဗုံးချတိုက်ခိုက်
DVB
·
July 29, 2023
364006326_1312660752959785_2676395663374115667_n

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ မူဂျာထိပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့ကြပြီး အဆောက်အအုံတချို့ ပျက်စီးသွားပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးလေတပ်(YAF)၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေး တပ်၊ ဒေါနစစ်ကြောင်းနဲ့ ABSDF တပ်ရင်း ၁ တို့ပူးပေါင်းပြီး ဇူလိုင် ၂၈ ရက် မနက်ပိုင်းက မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့တာ လို့ သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

MSRF ရဲ့ တာဝန်ရှိသူတယောက်က "မူဂျာထိပ်စခန်းက အဆောက်အဦနှစ်ခု ဗုံးချလို့ ပျက်စီးသွားတာတွေ့ရတယ်။ အထိခိုက်ကျဆုံးကတော့ စုံစမ်းနေဆဲပဲ" လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မွန်-တနင်္သာရီ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပြီး မဟာမိတ်အနေနဲ့ ထားဝယ်အခြေစိုက် ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့တခု ထပ်မံပူးပေါင်းပါဝင်လာခဲ့ပါတယ်။

မူဂျာထိပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ မိုးကြိုးစစ်ဆင်ရေးကို အခုလဆန်းပိုင်းက ရေးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးထက်ပိုပြီး အားရတယ်လို့ MSRF တာဝန်ခံက ဆက်ပြောပါတယ်။

"အရင်က mission တုန်းက  လေယာဉ် ၃ စင်းမှာ တစင်းက အလုပ်မလုပ်ခဲ့ဘူး။ ဗုံးသီး ၃ လုံးပဲ ချခဲ့ရတယ်။ အခုစစ်ဆင်ရေးမှာတော့ လေယာဉ် ၃ စင်းနဲ့ဗုံးသီး ၆ လုံးချနိုင်ခဲ့တယ်" လို့ ပြောပါတယ်။

မူဂျာထိပ်စခန်းဟာ ဘုရားသုံးဆူမြို့ကို ဝန်းရံထားတဲ့အပြင် လက်နက်ကြီးထားရှိပြီး စစ်ရေးအရ အရေးပါတဲ့စခန်းဖြစ်တာကြောင့် အခုလိုတိုက်ခိုက်ခဲ့ရတာလို့ MSRF တပ်ဖွဲ့က ဆိုပါတယ်။

ဇူလိုင်လအလယ်ကလည်း ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်း ၃ ခုကို အခုစစ်ဆင်ရေးမှာပါဝင်တဲ့ မဟာမိတ်အဖွဲ့တွေက မွန် -တနင်္သာရီ ပထမအကြိမ် ပူးပေါင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024