စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်မှာရှိတဲ့ မြို့နယ်လူမှုဖူလုံရေးရုံးရှေ့မှာ ဇူလိုင် ၂၈ ရက် မနေ့ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ဒုဦးစီးမှူး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ ညနေ ၃ နာရီခွဲက မြို့နယ်လူမှုဖူလုံရေးရုံးက ဒုဦးစီးမှူး ၂ ယောက် ရုံးအပြင်ကိုထွက်လာတုန်း ရုံးရှေ့မှာရှိနေတဲ့ ဆိုင်ကယ်အပျက်တစီးအောက်မှာ ထောင်ထားတဲ့ လက်လုပ်ဗုံးထပေါက်ပြီး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
"ပေါက်တဲ့အားကကြီးတော့ ဦးစီးမှူးနှစ်ယောက်မှာ တယောက်က သေဖို့များတယ် နှစ်ယောက်စလုံး အမျိုးသမီးတွေ" လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ ဒုဦးစီးမှူးဒေါ်ခင်မျိုးသန်းနဲ့ ဒေါ်သဇင်ထွန်းတို့ဖြစ်ပြီး ဒေါ်သဇင်ထွန်းကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ စစ်ကိုင်းမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ဒီဗွီဘီကိုပြောပါတယ်။
လက်တလောမှာ လူမှုဖူလုံရေးရုံးဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး တခြားအဆင့်ဝန်ထမ်း တချို့ကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဧမြဝတီရပ်ကွက်မှာ ဇူလိုင် ၉ ရက် ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသောင်းရွှေ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
စစ်ကိုင်းမြို့နယ်မှာရှိတဲ့ ဌာနဆိုင်ရာရုံးဝန်ထမ်းတွေကို CDM ပြုလုပ်ဖို့နဲ့ အုပ်ချုပ်ရေးမှူးတွေကို တာဝန်ကနုတ်ထွက်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က သတိပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။