Home
မြန်မာသတင်း
တနင်္သာရီတိုင်းက စစ်ရှောင်များအတွက် ဝသန်ဦးအတွက် ဆန်စုဘူး ကမ်ပိန်းတွင် ပါဝင် လှူဒါန်းနိုင်
DVB
·
July 28, 2023
WaThanOo Rice SuBuu
DawNaThaNinThaYi WarVictims Supports 1
DawNaThaNinThaYi WarVictims Supports 2
DawNaThaNinThaYi WarVictims Supports 3

တနင်္သာရီတိုင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ ဖူလုံစေဖို့ ရည်ရွယ်ပြီး ဝသန်ဦးအတွက် ဆန်စုဘူးကမ်ပိန်း ပြုလုပ်နေတာမှာ သတ်မှတ်ထားတဲ့ အရေအတွက်အထိ မပြည့်သေးတာကြောင့် နောက်ထပ် ၁၀ ရက်ကာလ ထပ်မံတိုးမြှင့်လိုက်ပါတယ်။

ကမ်ပိန်းကာလကို လာမယ့် ဩဂုတ် ၅ ရက်ထိ ထပ်မံတိုးလိုက်တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အဆိုပါကမ်ပိန်းမှာ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ကမ်ပိန်းရဲ့ သတင်းပြန်ကြား‌ရေးတာဝန်ခံတဦးက  “တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ပြည်သူတွေလည်း ပင်ပန်းလာကြတာပါ။ ပြီးတော့ ငွေ‌ကြေးတန်ဖိုးကျတာနဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်လာတော့ ပိုဆိုးစေတာပါ။ ဘာဖြစ်ဖြစ် ပါဝင်ပေးကြတဲ့ပြည်သူ ရာချီရှိတဲ့အတွက် အားတက်စရာအဖြစ် ရှုမြင်ပါတယ်” လို့ ပြောပါတယ်။

ကမ်ပိန်းကာလအတွင်း သတ်မှတ်ထားတဲ့ ဆန်အိတ်အရေအတွက်မှာ ၂၄ ပြည်ဆန်အိတ် ၁,၅၀၀ အထိရရှိဖို့ မျှော်မှန်းထားပြီးတော့ လက်ရှိရရှိထားတဲ့ ဆန်အိတ်အရေအတွက်မှာ ၁၀ ရာခိုင်နှုန်းလောက်အထိသာ ရရှိထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကစပြီးတော့ ကမ်ပိန်းကို စတင်ခဲ့ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ ကမ်ပိန်းပြီးဆုံးခဲ့တာဖြစ်ပေမဲ့ ဆန်အိတ်ရေ ၂၃၀ အထိပဲ ရရှိထားသေးတာကြောင့် ဆန်စုသူတွေကို လိုအပ်နေတယ်လို့ သိရပါတယ်။

ကမ်ပိန်းရဲ့ သတင်းပြန်ကြား‌ရေးတာဝန်ခံက “တော်လှန်ရေးအကြောင်းပြပြီး လိမ်ကြတဲ့သူတွေ များလာလို့ ပြည်သူတွေအနေနဲ့ အယုံအကြည် နည်းလာတာမျိုးပါ။ ဒီအတွက်လည်း ကျနော်တို့လိုမျိုး တကယ်လုပ်နေကြတဲ့သူတွေက စိတ်မကောင်းဖြစ်ရပါတယ်။ ပြည်သူတွေအနေနဲ့ သေချာဂရုတစိုက်နဲ့ ပါဝင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ ပြောပါတယ်။

လက်ရှိရထားတဲ့ ဆန်အိတ်ပမဏအရ စစ်ဘေးရှောင်နေတဲ့ လူ ၅ ယောက်ပါတဲ့ အိမ်ထောင်စု ၂၃၀ ကို ဆန် ၁ အိတ်စီ ဝေငှနိုင်ပြီး ၁ လလောက် အတိုင်းအတာအထိ ချွေတာပြီး စားသုံးနိုင်တယ်လို့ ပြောပါတယ်။

ဒေါန တနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဇွန်လအထိ စစ်ရှောင်ဦးရေ ၂၆,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

တနင်္သာရီ၊ လောင်းလုံး၊ ပုလော၊ သရက်ချောင်း၊ ထားဝယ်၊ ရေဖြူ အစရှိတဲ့ မြို့နယ်တွေမှာ တိုက်ပွဲ နေ့စဥ်ဖြစ်ပွားနေပြီး စစ်ရှောင်သူဦးရေ နေ့စဥ်နဲ့အမျှ တိုးလာတယ်လို့ သိရပါတယ်။

အလှူရှင်တွေအနေနဲ့လည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန်စုရက်လေးတွေမှာ ဝသန်ဦးအတွက် ဆန်စုဘူး ကမ်ပိန်းကနေ ဆက်သွယ်ပြီးတော့ ပါဝင်လှူဒါန်းနိုင်ကြောင်း မေတ္တာရပ်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024