ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ခန်းမအနီးရှိ ရွှေပွင့်အိမ်ရွှေဆိုင်မှာ လက်နက်ပြ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဇူလိုင် ၂၇ ရက် မွန်းလွဲ ၃ နာရီက အမည်မသိလူငယ် နှစ်ယောက်က FZ အမျိုးအစားဆိုင်ကယ် တစီးနဲ့ရောက်လာပြီး ဆိုင်အတွင်းကို ဝင်ရောက်ကာ ပစ္စတိုသေနတ်ပြပြီး ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ရွှေဆိုင်နေရာဟာ တောင်ကုတ်မြို့ရဲ့ လူစည်ကားရာနေရာ မြို့လယ်ခေါင်လည်း ဖြစ်ကာ လမ်းလေးစုံမီးပွိုင့်နဲ့ ဆိုင်ကယ်ကယ်ရီသမားများစွာရှိတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆိုင်ကယ် ကယ်ရီသမားတဦးက "ဆိုင်ထဲ ဒီလိုပဲ ဝင်ထွက်နေတာဆိုတော့ အမှတ်တမဲ့ ဖြစ်သွား တာ။ မှန်ဘီရိုတွေကို ရိုက်ခွဲမှ ဓားပြတိုက်တယ်ဆိုတာ သိရတယ်။ လူစည်ကားရာနေရာကြီးကို နေ့ခင်းကြောင်တောင်ကြီး လာလုပ်တာဗျ။ ဝန်ထမ်းကောင်မလေးက ပစ္စည်းတွေ ပြန်လုတော့ သေနတ်နဲ့ ထိုးချိန်တယ်။ အနားကလူတွေ ဝိုင်းလာပြီး အုတ်ခဲတွေနဲ့ထုကျတော့ ဆိုင်ကယ်နဲ့ ပြန်ပြေးသွားတယ်” လို့ ပြောပါတယ်။
ဓားပြတိုက်ခံရမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးသလို တရားခံနှစ်ယောက်က သေနတ်နဲ့ ပစ်ဖို့ ခြိမ်းခြောက်ခဲ့လို့ အနီးအနားကလူတွေက ဓားပြတိုက်သူတွေကို ဖမ်းစီးနိုင်ဖို့ မကူညီနိုင်ခဲ့ဘူးလို့ သိရပါတယ်။
Photo Cj