ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ကရပူရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်က မြန်မာ ဘက်ခြမ်းကနေ တရားမဝင်ရာဘာတွေ ခိုးသွင်းလာတဲ့ လှေတစ်စီးကို ထိုင်းစစ်တပ်က စစ်ဆေးဖို့ တားဆီးရာမှာ ရပ်မပေးလို့ ထိုင်းစစ်သား ၁ ဦးက ရေထဲခုန်ချပြီး အဆိုပါလှေကို ဖမ်းဆီးဖို့ ကြိုးစားစဉ် လှေပေါ်ပါလာသူတွေက တုတ်နဲ့ဝိုင်းရိုက်လို့ အဆိုပါစစ်သား မြစ်ထဲကိုမျောသွား ခဲ့ပါတယ်။
အဆိုပါစစ်သားမှာ အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီးအဆင့်ရှိ ဘွန်းရစ် ကေချူး ဆိုသူဖြစ်ပြီး လှေပေါ်ပါလာသူသူ ၆ ဦးက တုတ်နဲ့ ဦးခေါင်းကို ဝိုင်းရိုက်လို့ မေ့မျောပြီး ရေထဲပျောက်ဆုံးသွားတာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီညက တရားမဝင်ရာဘာတွေ တင်ဆောင်လာတဲ့ လှေ ၂ စီးရှိပြီး အခင်းဖြစ်တာနဲ့ လှေ ၂ စီးလုံး (လူ ၁၀ ဦး ထက်မနည်း) ကရပူရီမြစ်ကမ်းရိုးတန်းဘက်ကနေ မြန်မာဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးနေတဲ့ တပ်ကြပ်ကြီး ဘွန်းရစ်ကို စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေး၊ နယ်မြေလုံခြုံရေး အဖွဲ့ဝင်တွေ ကယ်ဆယ်ရေးအဖွဲ့ နဲ့ ရေငုပ်သမားတွေ စုစုပေါင်း အင်အား ၁၀၀ ကျော်က ဒရုန်းအပါအဝင် ခေတ်မီစက်ကိရိယာတွေတွေနဲ့ ရေထဲမှာရော ကုန်းပေါ်မှာပါ အပူတပြင်းရှာဖွေခဲ့ကြပါတယ်။
တပ်ကြပ်ကြီးဘွန်းရစ်ဟာ သန်မာထွားကျိုင်းပြီး ရေကူး ရေငုပ် ကျွမ်းကျင်တာကြောင့် သူဟာ တနေရာရာမှာ သောင်တင်နေတာဖြစ်မယ်လို့ ယူဆပြီး အသက်ရှင်လျက်ပြန်တွေ့မယ်လို့ မိသားစုဝင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ ပျောက်ဆုံးပြီး ၃ ရက်အကြာ ဇူလိုင် ၂၆ ညနေ ၄ နာရီခွဲလောက်မှာတော့ အခင်းဖြစ်တဲ့ နေရာနဲ့ ကီလိုမီတာ ၂၀ လောက်ဝေးတဲ့ ကရပူရီ မြစ်ရိုးတစ်နေရာမှာ ရေထဲ ပေါလောပေါ်လာတဲ့ သူ့အလောင်းကို ရွာသားတွေက တွေ့ရှိခဲ့ပါတယ်။
နိုင်ငံ့တာဝန်ကို အသက်နဲ့ရင်းပြီး ကျေပွန်အောင်ထမ်းဆောင်သွားခဲ့တဲ့ တပ်ကြပ်ကြီး ဘွန်းရစ်ကို ထိုင်းစစ်တပ်က သူရဲကောင်းဘွဲ့ပေးပြီး ဇာတိမြေ ဖတ်ထလုန်းခရိုင်သို့ ဟယ်လီ ကော်ပတာနဲ့ သယ်ဆောင်ကာ စျာပနအခမ်းအနားကျင်းပသွားမယ်လို့ ဆိုပါတယ်။
တပ်ကြပ်ကြီး ဘွန်းရစ်အား ဝိုင်းရိုက်ခဲ့တဲ့ ရာဘာမှောင်ခိုသမား ၆ ဦးကိုလည်း ပုဒ်မ ၁၃၈ အရ နိုင်ငံတာဝန်ထမ်းဆောင်သူကို အာဏာဖီဆန် ရိုက်နှက်မှု၊ နိုင်ငံတာဝန်ထမ်းဆောင်သူကို သတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်ထားပြီး သေဒဏ်အထိ အပြစ်ပေးခံရမယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာ တဘက်နိုင်ငံက တရားမဝင်ရာဘာတွေကို လက်ခံဝယ်ယူအားပေးနေတဲ့ ထိုင်းလုပ်ငန်းရှင်တွေကိုလည်း စုံစမ်းအရေးယူသွားမယ်လို့ တာဝန်ရှိတွေက ပြောကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။