Home
မြန်မာသတင်း
ပြည်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး စစ်တပ်အရာရှိ ၁ ဦး သေဆုံး
DVB
·
July 27, 2023
KaPaSACarAccident

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ ဇူလိုင် ၂၅ ရက် ည ၁၁ နာရီကျော်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် စစ်လက်နက်ထုတ်လုပ်ရေး-ကပစ ၆ က ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့တယ်လို့ တပ်တွင်း သတင်းရင်းမြစ်ကနေ သိရပါတယ်။

ကပစ ၆ က ဗိုလ်ကြီးနဲ့ ပြည်မြို့က သစ်လုပ်ငန်းရှင် အမျိုးသားနှစ်ဦးတို့ KTV ကအပြန် ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး ဗိုလ်ကြီးမှာ နေရာတင် ပွဲချင်းပြီးသေဆုံးကာ သစ်လုပ်ငန်းရှင် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။

တပ်တွင်းသတင်းရင်းမြစ်တဦးက “အခုချိန်က ဘာကြောင့်သေသေ သတင်းကတော့ ဖုံးတာပဲ။ အရာရှိတွေသေရင် ပိုဆိုးတယ်။ အလောင်းကိုတောင် ပြည်ဆေးရုံကြီးကနေ မနေ့ ၂၆ ရက်နေ့ကျမှ ပြန်သယ်တာ။ အဲ့ဒီနေ့တည်းက သယ်လို့ရတာပဲ၊ တပ်ကအရာရှိတွေက အခုချိန်မှာ သာယာနေကြတာလေ။ လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး မူးရူးနေကျတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သစ်လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတဦးက “ကားက သစ်စက်ပိုင်ရှင်ကား၊ သူတို့က မူယာပင်ရပ်ကွက်ထဲက သစ်တောရုံးမှာ နေကုန်ဖဲရိုက်လိုက်၊ အရက်သောက်လိုက်ပဲ လုပ်နေတာ။ အခု သေတော့ သတင်းထွက်မှာကြောက်ပြီး ငြိမ်နေကြတယ်။ ဒဏ်ရာရတဲ့သူတွေကိုလည်း သတင်းမပေါက်ကြားဖို့ တပ်ကဗိုလ်မှူးကလည်း အကြောင်းကြားထားတယ်။ စစ်တပ်က ကောင်တွေနဲ့ သူတို့ဘက်ပါတဲ့သူတွေ အခုလိုသေရင် ပြည်သူက ဝမ်းသာတယ်လေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ စစ်လက်နက်ထုတ်လုပ်တဲ့ ကပစ ၆  အပတ်စဉ် ၅၀ မှ စစ်သင်တန်းဆင်း အသက် ၃၀ အရွယ် ဗိုလ်ကြီး သေဆုံးခဲ့ပြီး ရုပ်အလောင်းကို ရွှေတောင်မြို့နယ် ကုတင် ၁၀၀ စစ်ဆေးရုံကို ဇူလိုင် ၂၆ ရက်က ယူဆောင်သွားတယ်လို့ သိရပါတယ်။

Photo - Cj

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024