ပြည်ပစျေးကွက် အဝယ်မရှိတာကြောင့် ကွမ်းသီးစျေးနှုန်း ကျဆင်းခဲ့တယ်လို့ ကွမ်းသီးရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။
ကွမ်းသီးစျေးနှုန်းဟာ မနှစ်က အမျိုးအစားပေါ်လိုက်ပြီး ကွမ်းသီးတပိဿာ ကျပ် ၅,၃၀၀ မှ ၆,၂၀၀ အထိ ရှိခဲ့ပေမဲ့ အခုနှစ်မှာ ကွမ်းသီးတပိဿာ ကျပ် ၂,၈၀၀ မှ ၃,၇၀၀ ကို ကျဆင်းခဲ့ပါတယ်။
မော်လမြိုင် ကွမ်းသီးရောင်းဝယ်သူတဦးက “ပြည်ပကို ထွက်လို့မရလို့ ကွမ်းသီးဈေးက ကျသွားတာပါ။ မနှစ်ကထက်စာရင် ထက်ဝက်နီးပါးလောက် ကျတယ်၊ ပုံမှန်ဝယ်နေတဲ့ သူတွေရှိတော့ အရောင်းအဝယ်ကတော့ သိပ်အဆိုးကြီးတော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
ပြည်တွင်းမှထွက်ရှိတဲ့ ကွမ်းသီးဟောင်းတွေကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေကို မတင်ပို့နိုင်တဲ့အပြင် ကွမ်းသီးအသစ်ေတွ ေပါ်လာတာကြောင့် ကွမ်းသီးစျေးနှုန်း ကျဆင်းသွားတာလို့ မော်လမြိုင် ကွမ်းသီးရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။
ကျိုက်ထိုမြို့မှ ကွမ်းသီးရောင်းဝယ်သူတဦးက “ကွမ်းသီးစျေးကျတော့ ပိုရောင်းကောင်းလာတယ်။ ရွာတွေဘက်က ကွမ်းစားတဲ့သူတွေ အရမ်းများတော့ ကွမ်းသီးစျေး တော်တာနဲ့ အများကြီးဝယ်တယ်။ ကွမ်းသီးအသစ်တွေက ဒီထက်များများ ပေါ်လာရင်တော့ ကွမ်းသီးစျေးက ထပ်ကျဦးမှာပါ” လို့ ပြောပါတယ်။
ကွမ်းသီးစျေးကွက် ကျဆင်းတဲ့အပြင် မနှစ်က ကွမ်းသီးအဟောင်းတွေပါ ကုန်သည်တွေ မဝယ်ယူတာကြောင့် ကွမ်းသီးတွေ ပုံနေတယ်လို့ ထားဝယ်မြို့ရှိ ကွမ်းသီးစိုက်တောင်သူတဦးက ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲအခြေအနေတွေနဲ့ မိုင်းအန္တရယ်တွေကြောင့် ရွာအပြင်ဘက်မှာရှိတဲ့ ကွမ်းသီးခြံတွေကို သွားရောက်လုပ်ကိုင်နိုင်ဖို့ မလွယ်ဘူးလို့ ကွမ်းသီးစိုက် တောင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကွမ်းသီးပင်တွေကို ထားဝယ်၊ ကော့သောင်း၊ မြိတ်၊ ရေး၊ ကျိုက္ခမီ၊ မော်လမြိုင်၊ သထုံ၊ ဖျာပုံ၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ် နေရာတချို့မှာ စိုက်ပျိုးပါတယ်။