နိုင်ဂျာသမ္မတ မိုဟာမဒ်ဘာဇွမ်းကို မြို့တော်နီယာမေးရှိ သမ္မတအိမ်တော်မှာ ထိန်းသိမ်းခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ သမ္မတကို ရာထူးအာဏာကနေ ဖယ်ရှားလိုက်ပြီလို့ ဇူလိုင် ၂၆ ရက်က အမျိုးသားရုပ်မြင်သံကြားကနေ စစ်တပ်ပြောခွင့်ရသူက ကြေညာပါတယ်။
နိုင်ငံရဲ့ အဖွဲ့အစည်းအားလုံးကို ဆိုင်းငံ့ထားပြီး အစိုးရ နေ့စဉ်လုပ်ငန်းတွေကို ဝန်ကြီးဌာနတွေရဲ့ အတွင်းရေးမှူးချုပ်တွေက ဆောင်ရွက်မှာဖြစ်ကြောင်း၊ ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေကို စီမံခန့်ခွဲနေကြောင်း၊ ပြင်ပလုပ်ဖော်ကိုင်ဘက်တွေ အားလုံးကို ဝင်ရောက်မစွက်ဖက်ဖို့ တောင်းဆိုပါကြောင်း နိုင်ဂျာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အမာဒို အက်ဒရာမိန်းက အမိန့်ကို ဖတ်ကြားသွားပါတယ်။
စစ်သားတွေဟာ နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ထားပြီး နောက်ထပ် အမိန့်တစုံတရာ မထုတ်ပြန်မချင်း တနိုင်ငံလုံး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေအပြင် အာဖရိကသမဂ္ဂနဲ့ အနောက်အာဖရိက ဒေသဆိုင်ရာ အစုအဖွဲ့ ECOWAS တို့ဟာ နိုင်ဂျာမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုလို့ ခေါ်ဆိုကြတဲ့ဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး ကြံစည်သူတွေအနေနဲ့ သမ္မတဘာဇွမ်းကို လွှတ်ပေးပြီး သူတို့ရဲ့စစ်တန်းလျားတွေဆီ ပြန်သွားဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အီးယူတို့ကလည်း လူဦးရေ ၂၅ သန်းရှိတဲ့ ကုန်းတွင်းပိတ် အနောက်အာဖရိကနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှန်သမျှကို ရှုတ်ချခဲ့ကြောင်း ဇူလိုင် ၂၆ ရက် ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ကြပါတယ်။
နိုင်ဂျာသမ္မတ ဘာဇွမ်းကို သူ့ရဲ့သမ္မတနန်းတော်အတွင်းမှာ သမ္မတရဲ့ လုံခြုံရေးအစောင့်တွေက ထိန်းသိမ်းထားချိန်မှာ ဘာဇွမ်းကိုထောက်ခံသူ လူအုပ်ကြီးဟာ နီယာမေးမြို့တော်ရှိ အမျိုးသားလွှတ်တော် အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က လူစုမခွဲခင် သမ္မတကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ရိုက်တာသတင်းထောက်က ပြောပါတယ်။
Source - Reuters