ကိုရီးယားစစ်ပွဲ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းမှာ ညဘက် စစ်ရေးပြချီတက်ပွဲကျင်းပဖို့ အကြီးအကျယ် ပြင်ဆင်နေတယ်လို့ ဆိုးလ်မှာရှိတဲ့ မြောက်ကိုရီးယား လေ့လာရေးတက္ကသိုလ်က ပါမောက္ခ ယန်မုဂျင်းက ပြောပါတယ်။
စစ်ရေးပြအခမ်းအနားမှာ တပ်ဖွဲ့ဝင်ပေါင်း ၁၅၀၀၀ လောက် ပါဝင်ဆင်နွှဲဖို့ ရှိနေပြီး နျူးကလီးယားလက်နက်တွေ တပ်ဆင်နိုင်တဲ့ ဒီဇိုင်းသစ်တွေ ပါနိုင်တယ်လို့ ယန်က ပြောပါတယ်။
၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲမှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကို အောင်ပွဲခံတဲ့အနေနဲ့ ဇူလိုင် ၂၇ ရက်ကို မြောက်ကိုရီးယားက ဂုဏ်ပြုကျင်းပတာဖြစ်ပါတယ်။ ဒီအခမ်းအနားကို မြောက်ကိုရီးယားက တရုတ်နဲ့ ရုရှားထိပ်တန်းအရာရှိတွေကို ဖိတ်ကြားထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ တရုတ်နဲ့ ရုရှား အစိုးရတွေနဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ ကြိုးပမ်းနေတဲ့အနေနဲ့ ဖိတ်ကြားတာဖြစ်ပါတယ်။
Source - Reuters