မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းဟာ မြန်မာနိုင်ငံနယ်စပ်ရှိ ဆက်သွယ်ရေး လိမ်လည်မှုတွေနဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေကို အမြစ်ဖြတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ သက်ဆိုင်ရာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ ပတ်သက်ပြီး ဇူလိုင် ၂၅ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
တွေ့ဆုံပွဲမှာ မြန်မာပြည်တွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေလို ရာဇဝတ်မှုတွေကို တရုတ်-မြန်မာ ပူးပေါင်းတိုက်ဖျက် နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး အထူးညိနှိုင်း ဆွေးနွေးခဲ့ပါတယ်။
သံအမတ်ကြီး မစ္စတာချန်ဟိုင်းက မြန်မာ့နယ်စပ်ဒေသမှာ ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှုတွေ ပျံ့နှံ့နေတဲ့အတွက် တရုတ်-မြန်မာနှစ်နိုင်ငံ၊ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူပေါင်းတိုက်ဖျက် နှိမ်နင်းမှုတွေ ဆောင်ရွက်ခဲ့ရာ ကနဦး အောင်မြင်မှုရရှိခဲ့ပါတယ်။
အဲဒီလို ဆောင်ရွက်ခဲ့ပေမဲ့ မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် နယ်စပ်ဒေသတွေမှာ ဆက်သွယ်ရေး လိမ်လည်မှုတွေ များပြားနေဆဲဖြစ်ပြီး တရုတ်၊ မြန်မာ နှစ်နိုင်ငံပြည်သူတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်နေတယ်လို့ ပြောပါတယ်။
တရုတ်အစိုးရကလည်း လိမ်လည်မှုတွေအပေါ် များစွာအလေးထားပြီး တရုတ်ပြည်သူတွေကလည်း အဲဒီကိစ္စတွေကို အလွန်မုန်းတီးနေတယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
မြန်မာနယ်စပ်ရှိ ဆက်သွယ်ရေးလိမ်လည်သူတွေ ခိုအောင်းနေတဲ့ နေရာတွေကို အစွမ်းကုန် နှိမ်နင်းပြီး ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်တင်ကာ မြန်မာပြည်တွင်းရှိ ဆက်သွယ်ရေး လိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု အကြွင်းအကျန်တွေကို အမြစ်ဖြတ်သွားမယ်လို့ သံအမတ်ကြီး ချန်ဟိုင်းက ပြောပါတယ်။
စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေကလည်း တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုတွေကို မြန်မာနိုင်ငံက များစွာအလေးထားပြီး ဆက်သွယ်ရေးလိမ်လည်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေပြီး ပြည်တွင်း ပြည်ပမှ ပြည်သူတွေကို ထိခိုက်စေတာကြောင့် တိုက်ဖျက်နှိမ်နင်းမှု လုပ်သွားမယ်လို့ ပြောကြားခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။