ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ရှိ ရွှေဆိုင်တဆိုင်မှာ လုယက်မှုကျူးလွန်ပြီး မြန်မာဘက် ထွက်ပြေးသွားသူကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးအရေးယူကာ မနေ့က ထိုင်းအာဏာပိုင်ဘက် ပြန်လည်လွှဲပြောင်းအပ်ခံခဲ့တယ်လို့ မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။
အသက် ၃၅ နှစ်ရွယ်ရှိ နိုင်းဆေရီ ဆိုသူ ထိုင်း ၁ ဦးဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မယ်ဆိုင်မြို့ရှိ ရွှေ ဆိုင်တဆိုင်ကနေ ဘတ်ငွေ ၁၅၃၅၀၀ တန်ဖိုးရှိ အလေးချိန် ၅ ဘတ် (၄ ကျပ်သားကျော်) တန် ရွှေဆွဲကြိုး ၁ ကုံးကို လုယက်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။
သူ့ကိုဖမ်းမိဖို့ ထိုင်းရဲတွေက မြန်မာအာဏာပိုင်ထံ အကူအညီတောင်းခံထားရာမှာ ဒီနှစ် ဇန်နဝါရီ ၈ ရက်နေ့ ည ၉ နာရီခွဲလောက်က တာချီလိတ်မြို့ ပုံးထွန်ရပ်ကွက်ထဲမှာ ဖမ်းဆီးရမိပြီး တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူခဲ့ပါတယ်။
အဲဒီနောက် ထိုင်းဘက်ခြမ်းကို ဇူလိုင် ၂၅ ရက် မနေ့ မွန်းလွဲ ၁ နာရီလောက်မှာ အမှတ်-၁ ချစ်ကြည်ရေးတံတားကနေတဆင့် ထိုင်းအာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးခဲ့ပြီး မယ်ဆိုင်မြို့မရဲစခန်း နဲ့ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က လာရောက်လက်ခံခဲ့ပါတယ်။
နိုင်းဆေရီဟာ ထိုင်းအရှေ့ပိုင်း ကျန်ထပူရီခရိုင်ကဖြစ်ပြီး သူဟာ အွန်လိုင်းလောင်းကစားပွဲမှာ ရှုံးနိမ့်တဲ့အတွက် ငွေလိုလို့ လုယက်မှု ကျူးလွန်ရကြောင်း၊ ဆွဲကြိုးကိုရောင်းချပြီး အကြွေးဆပ်လိုက်ပြီလို့ ဖွင့်ဟဝန်ခံသွားပါတယ်။