အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ ရေးတဲ့ စာအုပ် ထုတ်ဝေဖို့ မြဝတီသတင်းစာတိုက်က စီစဥ်နေတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒေါ်ကြူကြူလှအနေနဲ့ “သီရိပြည့်စုံမေ” ဆိုတဲ့ ကလောင်နာမည်နဲ့ မြဝတီသတင်းစာတွေမှာ ကဗျာရေးသားရာမှာ ဗိုလ်ချုပ်ကတော်တွေရဲ့ မြှောက်ပင့်ပေးမှုကြောင့် စာအုပ်ရေးဖို့ ဖြစ်လာတာလို့ စစ်တပ်နဲ့ နီး စပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“အရင်က ကဗျာတွေရေးတယ်။ ကာကွယ်ရေးဦးစီးချုပ်မိန်းမ ဆိုတော့ စစ်တက္ကသိုလ်တွေက မပြောရဲဘူး။ မကောင်းလည်း သူ့ကဗျာတွေ သုံးပေးရတယ်။ မသုံးတာပဲဖြစ်ဖြစ်၊ မေ့ခဲ့တာပဲဖြစ်ဖြစ် အဲ့နေ့က မိုးမီးလောင်ပြီ။”
မြဝတီသတင်းစာတိုက်နဲ့ နီးစပ်သူတွေရဲ့ပြောစကားအရ လတ်တလော စာအုပ် ၂ အုပ်ထုတ်ဝေဖို့ရှိပြီး တအုပ်မှာ “ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘဝများနဲ့ တိုင်းပြည်ကောင်းကျိုးဆောင်မယ့်လူ” ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က ပြင်ဦးလွင်မြို့မှာ ကျင်းပခဲ့တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) မှာ ဒေါ်ကြူကြူလှ ရေးခဲ့တဲ့ ဆောင်းအလှကဗျာကို မြဝတီသတင်းစာမှာ ထည့်သွင်းဖို့ နောက်ကျခဲ့တဲ့ အရာခံဗိုလ်တယောက် တာဝန်ကနေ ရပ်စဲခံရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒေါ်ကြူကြူလှဟာအရင်က ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာ ကထိက ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့တယ်လို့လည်း သိရပါတယ်။
Photo- DSINFO