Home
မြန်မာသတင်း
မူဆယ်တွင် တရုတ်စစ်အရာရှိများက ပြည်သူ့စစ်များကို စစ်သင်တန်းပေးနေ
DVB
·
July 25, 2023
PeopleDefence-ChineseMilitary

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ရွှေလီအစိုးရရိပ်သာအတွင်း ဇွန်လက စတင်ကာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဒုတိယဗိုလ်မှူးကြီး အပါအဝင် အရာရှိတွေ ရောက်ရှိနေထိုင်ကာ စစ်သင်တန်းပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါအဖွဲ့မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ ဒုတိယဗိုလ်မှူးကြီး၊ အကြီးတန်းဗိုလ်မှူးနဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး အကြီးတန်း အကြံပေးအရာရှိ အပါအဝင်အရာရှိ ၇ ဦးဖြစ်ပြီး ဇွန်လကစတင်နေထိုင်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရမခက ဗျူဟာမှူးတွေက အောက်ထပ်မှာနေတာ၊ တရုတ်စစ်တပ်က အပေါ်ထပ်မှာ၊ သိတဲ့သူတွေလည်း သိတယ်၊ သူတို့က ဒီမှာ ဒေသခံတွေကို စစ်သင်တန်းပေးတယ်၊ တန်ပြန်ပြောက်ကျားစစ်ဆင်ရေးအတွက်၊ ပြီးရင် စစ်ကိုင်းကို ပို့တာ။”

အဆိုပါအဖွဲ့မှာ မူဆယ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ၁၀၅ မိုင် အမြောက်ကုန်းမှ တရုတ်လုပ် အမြောက် ၁၂၂ မမ အပါအဝင် အမြောက်ပစ်ခတ်ပုံတွေ သင်ကြားပေးနေပြီး စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းရှိ PDF တွေကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်ဖို့အတွက် လိုအပ်တဲ့နည်းပညာတွေ ကူညီပေးနေတာ ၁ လကျော်ပြီလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

တရုတ်စစ်တပ် သင်တန်းပေးတဲ့နေရာမှာ မူဆယ်သုသာန်အနီး ကောင်းမှုတုံ၊ စွမ်စော် နယ်မြေ သရက်ခြံအတွင်းမှာ သင်တန်းပေးနေတာလို့ အဲဒီသင်တန်းနေရာမှာနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ဇွန်လက စစ်ကိုင်းကို ပြည်သူ့စစ်ကွန်မန်ဒို ၃၅ ယောက် တဖွဲ့ လွှတ်လိုက်တယ်၊ တရုတ်စစ်တပ်က သင်ပေးတဲ့သူတွေ၊ အဲ့လိုသင်နေတာ။”

မူဆယ်ဒေသရှိ ပြည်သူ့စစ်အဖွဲ့ဝင်အများစုမှာ တရုတ်လူမျိုးတွေဖြစ်ပြီး အင်အားများပြားတဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ မန်ဂျယ်၊ လုံထန်၊ ပန်ဆေးနဲ့ နမ့်ခမ်းမြို့မအဖွဲ့တွေ ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေဟာ မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ ကျားဖျန့်ခေါ် အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ လုပ်ပြီး အကျိုးအမြတ်များစွာ ရရှိနေသူတွေလည်း ဖြစ်ပါတယ်။

ရွှေလီအစိုးရအရာရှိရိပ်သာဟာ မူဆယ်မြို့ ဌာနဆိုင်ရာစုပေါင်းရုံးရှေ့မှာရှိပြီး ပြင်ပလူ ဝင်ထွက်ရခက်ခဲပြီး စစ်ကောင်စီတပ်က အရာရှိကြီးတွေ နေထိုင်ရာ နေရာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024