အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်မှာတည်နေတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွါးတော်အတွက် လုပ်ငန်းရှင် ခရိုနီကြီးတွေက ကျပ်ငွေ ၁၇ ဘီလံကျော် ထပ်မံ လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဇူလိုင် ၂၃ ရက် မနက်က မာရဝိဇယ ထိုင်တော်မှုဗုဒ္ဓရုပ်ပွါးတော် တည်ထားမှုအခြေအနေကို တတိယအကြိမ် ရှင်းလင်းတင်ပြတာကို အဲ့ဒီ စေတီပရဝုဏ်အတွင်း အခမ်းအနားကျင်းပခဲ့ပြီး လုပ်ငန်းရှင် ခရိုနီသူဌေးတွေကို ဖိတ်ကြားကာ အလှူငွေပေးအပ်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်
အခမ်းအနားမှာ လုပ်ငန်းရှင် ခရိုနီ အများအပြားကိုဖိတ်ကြားခဲ့ပြီး စုစုပေါင်း ၃၇၇ဦး တက်ရောက်ကာ ကျပ်ငွေ ၁၇ ဒသမ ၄၁၅ဘီလီယံ ထက်မံ လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်နဲ့ သီတဂူဆရာတော်တို့ ဦးဆောင်ကာ သံဃာ ၂၆ ပါးနဲ့ စစ်ဗိုလ်ချုပ်တွေပါဝင်ပြီး လုပ်ငန်းရှင်အများအပြားနဲ့ အခမ်းအနားကိုကျင်းပခဲ့တာဖြစ်ပြီး လုပ်ငန်းရှင်တွေထဲကမှ ငွေကြေးများစွာလှူဒါန်းသူ ၂၅၀ ဦးကို နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာ စိတ်ရောကိုယ်ပါ ပါဝင်သည်ဟုဆိုကာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ပေးအပ် ချီးမြင့်ခဲ့ပါတယ်။
ဉာဏ်တော်အမြင့် ၆၃ ပေနဲ့ ပလ္လင်တော်အမြင့် ၁၈ ပေရှိတဲ့ မာယဝိဇယ ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးကို စကျင်ကျောက်ဆစ်နဲ့ ထုလုပ်ထားကာ နေပြည်တော်မြို့၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓ ဥယာဉ်တော်အတွင်း တည်ထားတာဖြစ်ပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွါးတော် တွေထဲမှာ ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွါးတော်ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုဒ္ဓရုပ်ပွါးတော်မြတ်ရဲ့ ဗုဒ္ဓါဘိသေကာ အနေကဇာတင်ပွဲကို လာမယ့် ဩဂုတ်လ ၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အဲ့ဒီနေ့ဟာ စစ်တပ်အာဏာသိမ်းသက်တမ်းကုန်မယ့်နေ့ ဖြစ်ပါတယ်။