တရုတ် - မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် - နမ့်ခမ်းကြားရှိ ဇယ်လန့် ရွာအနီး ဇူလိုင် ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ်ဘက်က ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူရှိကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
"ကားလမ်းမှာ ဆက်ကြေး ကောက်နေတဲ့အချိန် နမ့်ခမ်းမြို့မ ပြည်သူ့စစ်တွေ ကားသုံးစီး တက်လာတာ တားတော့ မရပ်ပေးလို့ ပစ်ထည့်လိုက်တာ အဲဒီမှာ ၅ ယောက်ထိတယ်။ ၁ ယောက်သေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
မနေ့ည နမ့်ခမ်းဆေးရုံမှာ စစ်ကောင်စီဘက်က လူနာ ၃ ယောက်ရောက်လာတယ်လို့ သူက ပြောပါတယ်။
ဒေသခံ နောက်တဦးက "ကားတစီးတော့ ပျက်သွားတယ်။ အရေးပေါ်ကား ၂ စီးသွားလိုက်တာတွေ့တယ်" လို့ ပြောပါတယ်။
ဆင်ကျော့ပြည်သူ့စစ်အဖွဲ့၊ မြို့မ ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတို့ ပူးပေါင်းတာဖြစ်ပြီး ပြည်သူ့စစ်ဘက်က ၃ ဦး ဒဏ်ရာရကြောင်း ပြည်သူ့စစ်နဲ့ နီးစပ်သူ ဒေသခံ တချို့က ပြောပါတယ်။
ဇယ်လန့် ကားလမ်းနဲ့ ကပ်လျက်နားက မိုင်ဆတ်ဘက် တက်လာတဲ့ နေရာမှာ TNLA တွေ ဆက်ကြေးလာကောက်နေချိန် ထိတွေတိုက်ပွဲဖြစ်ပွားလို့ ပြည်သူ့စစ်တွေထိသွားတာကြောင့် မူဆယ်ဘက်ကနေ မြို့မပြည်သူ့စစ်တွေ စစ်ကူ အင်အားဖြည့် အလာလမ်းမှာလည်း TNLA ဘက်က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မူဆယ်ဘက်က အင်အားထပ်ဖြည့်လာတဲ့ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတွေ ပူးပေါင်းကာ TNLA ကို ပြန်လည်တိုက်ခိုက်ပြီး တောင်ခြေကနေ စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ဇယ်လန့်ရွာအနီးက ကောင်ရွာမှာ ၂ လုံးလာကျတယ်လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။
"ခြံထဲဖြစ်လို့ လူတော့ အထိအခိုက် မကြားဘူး" လို့ သူက ပြောပါတယ်။
လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ဇယ်လန့်ရွာက ပြည်သူတွေအားလုံး စိုးရိမ်ထိတ်လန့်ပြီး တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
"ကျမဖုန်းဆက်တော့ လက်နက်ကြီး ပစ်သံတွေ ကြားနေရတယ်။ သူတို့ ဒီဇယ်လန့်ကျေးရွာ တရွာလုံး ထွက်ပြေးရတယ်။ ပြီးရင် မန်ကန်ကျေးရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေရတာတဲ့။"
ဒါ့အပြင် မနေ့ည ညနေပိုင်းမှာ မူဆယ်မြို့၊ မန့်ဝိန်း ဂိတ်ပေါက်နားက အိမ် ၁ အိမ်ကို အမည်မသိအဖွဲ့ ၁ ဖွဲ့က လာရောက် ပစ်ခတ်သွားတာကြောင့် ကား ၁ စီးထိခိုက်ပျက်စီးသွားပြီး လူအထိအခိုက်တော့ မသိရဘူးလို့ ဆိုပါတယ်။
"မူဆယ် မန့်ဝိန်းပေါက်နား မန့်ဝိန်း လမ်းသွယ် ၁ မှာ အိမ် ၁ အိမ်ကို လာပစ်သွားတယ်။ ဘယ်အဖွဲ့အစည်းကလဲ တော့ မသိသေးဘူး" လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
မြို့မပြည်သူ့စစ်အဖွဲ့နဲ့ ပန်ဆေးပြည်သူ့စစ် အဖွဲ့က အင်အားကြီး ထိပ်သီးပိုင်းမှာ ပါဝင်ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေကြား ဆက်လက်တိုက်ပွဲ ဖြစ်ပွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်၊ နမ့်ခမ်း မြို့နယ်တွေမှာတော့ စစ်ကောင်စီ၊ ပြည်သူ့စစ်အဖွဲ့ ၂၀ ဝန်းကျင် နဲ့ TNLA၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ သွားလာလှုပ်ရှားရာနေရာ ဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက် အဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲဖြစ်နေတာပါ။