ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းခုံးတံတားပေါ်မှာ “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာတန်းတခု ကို ချိတ်ဆွဲခဲ့တယ်လို့ မြေပေါ်မြေအောက်ရဲဘော်တွေက ပြောပါတယ်။
ဇူလိုင် ၂၃ ရက်ဟာ ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုလှမျိုးအောင်(ခ) ကိုမျိုးနဲ့ ကိုအောင်သူရဇော်(ခ) ကိုဂတုံးတို့ စစ်တပ်ရဲ့ အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ကျဆုံးတဲ့ တနှစ်ပြည့်အဖြစ် လှုပ်ရှားတာလို့ စမ်းချောင်း ပင်မသပိတ်စစ်ကြောင်း (Sc Strike) က တာဝန်ရှိသူ က ပြောပါတယ်။
"စစ်တပ်က ဖမ်းဆီးခဲ့ပြီး အကျဉ်းခန်းမှာ ကျဆုံးခဲ့ရသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေ၊ ကျေးလက်ဒေသမှာ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူတွေ သတ်ဖြတ်ခံခဲ့ရတာတွေအတွက် “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” ဆိုတဲ့ သဘောထားကို သိစေဖို့ ဖြစ်ပါတယ်"
လက်ရှိ ရန်ကုန်မြို့ကို မြေပေါ်မြေအောက်ရဲဘော်တွေအနေနဲ့ စနစ်တကျထိုးဖောက်နေတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (Sc Strike)က ဆက်ပြောပါတယ်။
"တော်လှန်ရေးကာလ ၂ နှစ်ကျော် သုံးနှစ်ထဲဝင်လာတာနဲ့အမျှ မြေပေါ်မြေအောက် ရဲဘော်တွေ ကြပ်တည်းလာတာတော့အမှန်ပဲ၊ စစ်ခေါင်းဆောင်က ဖိနှိပ်ပေမဲ့ UG တွေက ထိုးဖောက်နေဆဲ ဖြစ်တယ်။ အဆုံးအထိ တော်လှန်သွားမှာပါ။"
အဲဒီလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်းနဲ့ Revolution Force(RF) တို့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူတွေကို အခုချိန်မှာ အပြည့်အဝကာကွယ် မပေးနိုင်သေးပေမဲ့ အတတ်နိုင်ဆုံး စစ်တပ်ကို တွန်းလှန်အမြစ်ဖြတ်ပြီး နောက်ဆုံးအချိန်ထိ ကာကွယ်ပေးပါမယ်လို့ ဆိုပါတယ်။