ဖာနန်ဒက်စ်ကို မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်ပေးရတာက ကစားသမားအားလုံးအတွက် အတုယူစရာစံပြကစားသမားဖြစ်တာကြောင့်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ကွင်းလယ်လူဖာနန်စ်ကို အသင်းခေါင်းဆောင်တာဝန်ပေးရတဲ့အကြောင်းအရင်းကို မန်ယူနည်းပြတန်ဟတ်ဂ်က ရှင်းလင်းပြောကြားလိုက်တာပါ။
နည်းပြတန်ဟတ်ဂ်က “ဘရူနိုကို ဘာလို့ရွေးချယ်ခဲ့သလဲဆိုတော့ သူကခမ်းနားကြီးကျယ်တဲ့ အတုယူစရာကစားသမား တယောက်ဖြစ်လို့ပါပဲ။ ပိုကောင်းတဲ့ဘောလုံးသမားဖြစ်ဖို့ အမြဲတမ်းဆန္ဒရှိသူဖြစ်သလို အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ အလွန်ကြိုးစားတဲ့သူလည်းဖြစ်ပြီး ဒါတွေက အတုယူစရာတွေ ဖြစ်တယ်” လို့ ပြောပါတယ်။
ပေါ်တူဂီကွင်းလယ်လူဟာ နောက်ခံလူမက်ဂွဲယားဆီက အသင်းခေါင်းဆောင်လက်ပတ်ကို လွှဲပြောင်းရယူခဲ့ပြီး အသင်းရဲ့အမြဲတမ်းအသင်းခေါင်းဆောင်တာဝန်ပေးအပ်ခြင်း ခံခဲ့ရတာပါ။
ဖာနန်ဒက်စ်အနေနဲ့ တဦးတည်းနဲ့တော့ အသင်းကိုဆွဲတင်လို့မရနိုင်ဘဲ ပိုကောင်းတဲ့အသင်း ဖြစ်ဖို့ဆိုရင် ခေါင်းဆောင်ကောင်းတွေ အများကြီးလိုအပ်ကြောင်း နည်းပြတန် ဟတ်ဂ်က ပြောသွားပါတယ်။