ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကံတရာကျေးရွာမှာ ဒီနေ့ နေ့လယ် ၁ နာရီခွဲက မိုးအဆက်မပြတ်ရွာပြီး လေပြင်းတိုက်ပြီး နေအိမ်ပေါ် သစ်ပင်ပိတာကြောင့် ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး လေးပြင်းတိုက်ခတ်တာကြောင့် နေအိမ်ရှေ့ရှိ မန်ကျည်းပင်အမြစ်မှကျွတ်ကာ အိမ်ပေါ်ပိခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အဖေနဲ့သားက သစ်ပင်ပိပြီး သေတယ်၊ အမေနဲ့သမီးက သစ်ကိုင်းနဲ့ရိုက်မိပြီး ဒဏ်ရာရတယ် နှစ်ဦးလုံး စိုးရိမ်ရတယ်။"
ကံတရာကျေးရွာနေ အသက် ၃၃ နှစ်အရွယ် ကိုအောင်စိုးမိုးနဲ့ အသက် ၁၁ နှစ်အရွယ် မောင်အောင်ရဲလင်း တို့ သေဆုံးသွားပြီး အသက် ၃၁ နှစ်အရွယ် ဒေါ်မာပိုနဲ့ အသက် ၃ နှစ်အရွယ် မဇွန်ပွင့်ဖြူ တို့ ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အခုသေတဲ့သူရော၊ ဒဏ်ရာရတဲ့သူရော တောင်ငူဆေးရုံကို ပို့ထားတယ်။ အခြားနေရာတွေမှာရော အခုလိုဖြစ်လားဆိုပြီး ရပ်ကျေးအဖွဲ့တွေကို မေးနေတယ်။"
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက် နေ့လယ်ကလည်း မော်လမြိုင်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျံဖြစ်တာကြောင့် သီရိမြိုင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်နဲ့ စျေးကြိုရပ်ကွက်မှာ ကလေးငယ် ၃ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။