ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ အရာရှိတွေကို နေပြည်တော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဇူလိုင် ၂၁ ရက်နေ့က ဗိုလ်ချုပ်စိုးလှိုင်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့သူ ဗိုလ်ချုပ်ကိုကိုမောင်နဲ့ စစ်တပ်အဆင့်မြင့် အရာရှိတွေကို ပြီးခဲ့တဲ့အပတ် ဇူလိုင် ၁၃ ရက်ညပိုင်းက တပ်တွင်းမိတ်ဆုံစားပွဲအပြီး နေပြည်တော်ကနေ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။
အဲဒီနောက် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် စိုးလှိုင်ကို ဗိုလ်ချုပ် ရာထူးတိုးမြှင့်ပေးပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်ခန့်လိုက်တာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
"ကလေးမြို့ အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ် စိုးလှိုင်ကို ဗိုလ်ချုပ် ရာထူးတိုးပြီး မပခ တိုင်းမှူးအဖြစ် ခန့်လိုက်တာ။ အခု ခန့်လိုက်တဲ့ တိုင်းမှူးအသစ်က ဟိုးအရင်ကတည်းက ကချင်ပြည်နယ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဘူးလို့ မပခ တိုင်းမှူးအဖြစ် ရာထူးတိုးပေးလိုက်ပုံရတယ်" လို့ တပ်တွင်းနဲ့နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခံရတဲ့ ဗိုလ်ချုပ်စိုးလှိုင်ဟာ စစ်အာဏာမသိမ်းခင်က ဗန်းမော် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ မိုးကောင်း အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့ အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှာ ဗိုလ်မှူးချုပ်ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တာပါ။
မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဒီအရှေ့ပိုင်းက ဗိုလ်ချုပ်တေဇကျော်၊ ဗိုလ်ချုပ် မြတ်သက်ဦးတို့ တိုင်းမှူးဖြစ်ခဲ့ပါတယ်။