စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းက ပျူစောထီးစခန်းကို ဇူလိုင် ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ၉ ယောက် သေဆုံးထိခိုက်ခဲ့တယ်လို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
ပျူမြို့ဟောင်းက ပျူစောထီးစခန်းကို ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၆ လုံးကြဲချခဲ့သလို ရော့ကက် ၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ်ရင်းက ဒုတပ်ရင်းမှူး ဆရာလေးကဆိုပါတယ်။
"ပထမဆုံးအကြိမ် ကျနော်တို့ ဒရုန်းချတဲ့အချိန်မှာပဲ လက်နက်ငယ်ရယ်၊ စက်ကလေးရယ် ၅ မိနစ်လောက် မနားတမ်း အရပ်ရှစ်မျက်နှာကို စစ်သားတွေက ပစ်ခတ်တယ်၊ ၆၀ မမ ဗုံးသီးလေးလုံးနဲ့ ပြန်ပစ်တယ်" လို့ ဆရာလေးကဆိုပါတယ်။
ဟန်လင်းပျူမြို့ဟောင်းက ပျူစောထီးစခန်းကို ကတုတ်ကျင်း၊ ဘန်ကာတွေနဲ့ အခိုင်အမာစခန်းပြုလုပ်ထားတာဖြစ်ပြီး လူစုနေတဲ့နေရာကို ပထမအကြိမ်မှာ ဗုံးချနိုင်ခဲ့ပြီး အနီးအနားစစ်သားတွေက လက်နက်ငယ်နဲ့ ဒရုန်းကို လှမ်းပစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ပျူစောထီးစခန်းက စစ်သား ၂ ယောက် သေဆုံးပြီး ၇ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ သိထားရပြီး ဒရုန်းနဲ့ ပစ်ခတ်ခံရပြီးနောက် အသွားအလာတွေပိတ်ပစ်တဲ့အပြင် စခန်းတွင်း၊ စခန်းပြင် အဝင်အထွက်တွေကိုပါ ပိတ်လိုက်တယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ်ရင်း၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သိရပြီး စစ်သားတွေသေဆုံးတာကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။