ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက်ထက်မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၆ ဆီကနေ သိရပါတယ်။
ကန်ပက်လက်မြို့နယ်၊ မှန်တောင်လမ်းခွဲကို စစ်ကြောင်းထိုးလာတဲ့ ခလရ ၃၀၄ နဲ့ တပ်မ ၈၈ ပူပေါင်းအင်အား ၁၀၀ ကျော်လောက်ပါတဲ့စစ်ကြောင်းကို ဇူလိုင် ၂၁ ရက်၊ နေ့လယ်ပိုင်းလောက်မှာ CDF-ခေါနု တပ်အပါဝင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာလို့ မင်းဘူးခရိုင်တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မိုးသီးက ဒီဗွီဘီကိုပြောပါတယ်။
မီတာ ၂၀၀ လောက်အတွင်း အနီးကပ်တိုက်ပွဲဖြစ်ခဲ့ပြီး ရှေ့ပွိုင့်တက်လာတဲ့ စစ်ကောင်စီတပ်သား ၆ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
ကန်ပက်လက်မြို့နယ်မှာ ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်တို့ကလည်း စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများပတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ CDF-ကန်ပက်လက် ဆီကနေ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ နဲ့ ၁၆ ရက်တို့ကလည်း ချင်းပြည်နယ်၊ ကန်ပက်လက်ကိုတက်လာတဲ့ စစ်ကောင်စီတပ်မ ၇၇ အပါအဝင် အင်အား ၁၀၀ ကျော်ကို ဆောမြို့နယ်ထဲမှာ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဂန့်ဂေါခရိုင်အမှတ် ၁၃၊ ၅၊ ၃၊ ၈ နဲ့ ၉ တပ်ရင်း၊ ဆောမြို့နယ်ပကဖ၊ မင်းဘူးခရိုင်အမှတ် ၁ နဲ့ ၂ တပ်ရင်းတို့နဲ့အတူ King Fighter ဒရုန်းတပ်ဖွဲ့၊ မကွေးတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့၊ တပ်ခွဲ ၁၊ ၂ နဲ့ ၃ တို့က ခူးချောင်းနားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်ရင်း မကွေးတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က ရဲဘော်တယောက်ကျဆုံးခဲ့သလို ဒရုန်းတစင်းလည်း ပျက်စီးခဲ့ရတယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။