Home
မြန်မာသတင်း
ယာဒိုစစ်ရှောင်များ တုပ်ကွေးရောဂါအဖြစ်များနေပြီး ဆေးဝါးနှင့်ခြင်ထောင် အရေးပေါ်လိုအပ်
DVB
·
July 22, 2023
362299516_604084585205802_841147155391925088_n

ရှမ်း- ကရင်နယ်စပ်၊ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) ‌တောင်ငူခရိုင် (တပ်မဟာ -၂) ထိန်းချုပ်နယ်‌မြေ သံတောင်ကြီးမြို့နယ်၊ ယာဒိုဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ လက်ရှိ တုပ်ကွေးရောဂါတွေ အဖြစ်များနေပြီး ဆေးဝါးနဲ့ ခြင်ထောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

“ဒီအချိန်က မိုးရာသီလည်းဖြစ်တယ်၊ ဆန်ဝယ်ဖို့လည်းအရမ်း ခက်နေတယ်ဆိုတော့ စစ်ဘေးရှောင်တွေက လယ်ကွင်းတွေမှာ နေ့စားလိုက်တယ်။ အဲ့ဒီတော့ မိုးတွေမိကြတယ်၊ ဖျားပြီး တုပ်ကွေးဖြစ်တယ်။ တော်တော်များများမှာ တုတ်ကွေးတွေဖြစ်နေကြတယ်။ တချို့ဆို အားတွေ ပြတ်နေကြတယ်၊ သူတို့တွေအတွက် ဆေးဝါးနဲ့ ခြင်ထောင်တွေ လိုအပ်နေပါတယ်” လို့ ကူညီနေသူတဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ယာဒိုဒေသကနေ ထွက်ပြေးတိမ်းရှောင်နေကြသူဟာ အခုလက်ရှိ သံတောင်ကြီးမြို့နယ်၊ သောက်ရေခတ် ကျေးရွာနဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွေက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။ 

စစ်ဘေးရှောင်တွေအပြင် သွားရောက် ကူညီသူတွေပါ တုပ်ကွေးရောဂါ ကူးစက်တာကို ခံစားနေရတယ်လို့လည်း ကာယကံရှင်တွေက ပြောပါတယ်။

“တုပ်ကွေးဖြစ်တာကလေ စစ်ဘေးရှောင်တွေတင် မဟုတ်ဘူး၊ သွားပြီးကူညီနေတဲ့သူတွေပါ တုပ်ကွေးကူးနေတယ်။ ကျမတို့နဲ့ လက်တွဲလုပ်နေတဲ့ အဖွဲ့လေးထဲက သုံးယောက်ပေါ့နော် အခု တုပ်ကွေးဖြစ်နေတယ်။ ကျမကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ပြီးမှ နာလန်ပြန်ထလာတာပေါ့နော်” လို့ စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ကရင်ပြည်၊ သံတောင်ကြီးမြို့နယ်အစပ်မှာရှိတဲ့ ယာဒိုဒေသမှာ ဇူလိုင် ၁၁ ရက်က စတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။ 

ဒါ့ကြောင့် ပြည်သူ့နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေရှိနေပြီး ဒေသခံတွေ ဘေးကင်းရာကို တိမ်းရှောင်နေရတယ်လို့ ကူညီနေသူတွေကပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024