Home
မြန်မာသတင်း
လိုင်ဇာမြို့အနီးကို စစ်ကောင်စီက တိုက်လေယာဉ်အုပ်စုဖြင့် ဗုံးကြဲ
DVB
·
July 22, 2023
362615114_246572954902922_3150322702352392625_n

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက KIO ထိန်းချုပ်နယ်​မြေ လိုင်ဇာမြို့နားကို ခြေကုပ်ယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေဟာ လဝက်လောက်ကြာတဲ့အထိ အသာစီးမရသေးလို့ မနေ့ညကတော့ တိုက်လေယာဉ်အုပ်စုနဲ့ ဗုံးလာကြဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ၃ ရက်က စတင်ပြီး လိုင်ဇာမြို့နားက နမ်ဆန်ယန်ကျေးရွာကို ခြေကုပ်ရယူဖို့အတွက် အထူးစစ်ဆင်ရေးနဲ့ တိုက်ခိုက်နေတာပါ။

ဇူလိုင် ၂၁ ရက် ည ၁၀ နာရီခွဲ ဝန်းကျင်မှာတော့ စစ်ကောင်စီဘက်က တိုက်ခိုက်ရေးအမျိုးစား ဂျက်ဖိုက်တာ ၄ စင်းနဲ့ လိုင်ဇာမြို့နားက နမ်ဆန်ယန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၄ စင်းဟာ ည ၁၀ နာရီဝန်းကျင်လောက်မှာ မြောက်ဘက်ကိုဦးတည်ပျံသန်းလာခဲ့ပြီး အခုလို တိုက်ခိုက်သွားခဲ့တာလို့ဆိုပါတယ်။

ဒေသခံတယောက်က “၁၀ နာရီလောက်က ဂျက်ဖိုက်တာ ၄ စင်း တက်တယ်လို့ သတင်းရတယ်။ နာရီဝက်လောက်နေတော့ နမ်ဆန်ယန်ရွာပေါ်ကို အုပ်စုလိုက်ဗုံးကြဲချပြီး ပြန်လှည့် သွားကြတယ်။ လက်ရှိအထိတော့ မြေပြင်ကအခြေအနေကို အတည်ပြု မရနိုင်သေးဘူး။ ဒါနဲ့ဆို လေကြောင်းကနေတိုက်တာ ၂ ကြိမ်ရှိနေပြီ။ ပထမတခါကတော့ တစင်းပဲ လာကြဲတာ” လို့ ပြောပါတယ်။

နမ်ဆန်ယန်ကျေးရွာဟာ အာဏာသိမ်းကာလမှာ KIA တပ်ဖွဲ့တွေ ပြန်လည် လှုပ်ရှားလာတဲ့ဒေသဖြစ်ပြီး စစ်ဘေးသင့်ပြည်သူတွေ နေရပ်ကို ပြန်လည် အခြေချစပြုနေတဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဇူလိုင်လအတွင်း အင်အားတိုးချဲ့ထိုးစစ်ဆင်မှုတွေကြောင့် နမ်ဆန်ယန်ကျေးရွာက ပြည်သူတွေဟာ နေရပ်ကိုထပ်မံ စွန့်ခွာကြရသလို လိုင်ဇာနဲ့ အနီးတဝိုက်ကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ စစ်ဆင်ရေး လုပ်နေတာကြောင့် ဒေသတွင်းက စစ်ရှောင်ပြည်သူတွေအတွက်  အန္တရာယ်တွေကြုံနေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024