မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးခင် ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို ဗီဒီယိုဆင်ဆာအဖွဲ့ဆီ အရင်ဆုံးတင်ပြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှာ အသက်ဝင်မှာဖြစ်ပြီး ပြန်ကြားရေးနဲ့ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက အကြောင်းကြားထားတာလို့ ဆိုပါတယ်။
ဗီဒီယိုသရုပ်ဆောင်တယောက်က “ဇာတ်လမ်းတွဲက အခုမှ ဆင်ဆာကိစ္စကပေါ်လာတာ။ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေကို အဓိကပြောချင်တဲ့သဘော၊ ဇာတ်လမ်းတွဲတွေက ရှုတင်အမြဲတမ်းလိုလို ရှိတယ်၊ ရိုက်လာရတာပေါ့။ သရုပ်ဆောင်တွေက အခုဟာ ချန်နယ်တွေနဲ့တွဲလုပ်နေရတာ၊ စာချုပ်လွတ်လိုမျိုးပါပဲ၊ အစည်းအရုံးက အရင်ခေတ်ကလို ပေါ်လစီ ပါသွားတာတို့ကို ကန့်ချင်လို့ ထုတ်လိုက်တာ၊ ထုတ်တဲ့စာအရဆို ဇာတ်လမ်းကို အရင်မပြဘဲ ကိုယ့်ဖာသာရိုက်ရင် ဆင်ဆာမပေးဘူးလို့ ဗြောင်ရေးတာ၊ ဆင်ဆာအဖွဲ့ဆိုတာလည်း ဒီပုတ်ထဲက ဒီပဲတွေပဲ” လို့ ဆိုပါတယ်။
ရုပ်ရှင်ဗီဒီယိုလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ထုတ်လုပ်သူတွေဟာ ဇာတ်လမ်းအခန်းစဉ်၊ အကျဉ်းကို အရင်ဆုံး မတင်ပြဘဲ ရိုက်ကူးပြီးမှ လာပြမယ်ဆိုရင် ဆင်ဆာကြည့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဆင်ဆာဖြစ်စဉ်အပြင် ဇူလိုင် ၂၀ ရက်က စပြီး ရုပ်ရှင်လုပ်ငန်း ဝန်ဆောင်ခနဲ့ ရိုက်ကူးခွင့်အပေါ် ရုပ်ရှင်အစည်းအရုံးက ကောက်ခံတဲ့ နှုန်းထားတွေ ပြောင်းလဲ တိုးမြှင့်ထားပါတယ်။
မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုလုပ်ငန်းတွေအပေါ် ဆင်ဆာတင်းကြပ်မှုတွေ၊ စည်းကမ်းချမှတ်ထားတာတွေ ရှိနေပေမဲ့ အွန်လိုင်းစာမျက်နှာတွေမှာ ဖျော်ဖြေရေးဗီဒီယိုဆိုပြီး လောင်းကစားကြော်ငြာ၊ လိင်အသားပေး ကြော်ငြာတွေနဲ့ ဇာတ်လမ်းရိုက်ကူးမှုတွေအပေါ် အရေးယူတာမျိုးတော့ မတွေ့ရပါဘူး။