ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့က တူရကီသံရုံးရှေ့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မွတ်စလင်မ်တို့ရဲ့ ကုရ်အာန် ကျမ်းစာအုပ် ပုံစံတူတခုကို မီးတင်ရှို့ခဲ့တာနဲ့ပတ်သက်ပြီး ဒိန်းမတ်နိုင်ငံရေးသမား ရက်စ်မတ်စ် ပဲလ်လူဒန် နဲ့ အခြားသံသယရှိသူ ၉ ယောက်ကို ဖမ်းဝရမ်း ထုတ်ထားတယ်လို့ တူရကီနိုင်ငံရဲ့ တရားရေးဝန်ကြီးက အတည်ပြုပါတယ်။
"အများပြည်သူဆိုင်ရာ အစိုးရှေ့နေချုပ်ရုံးအနေနဲ့ ဒီသံသယရှိသူကို ဖော်ထုတ်အတည်ပြုဖို့ အပါအဝင် သူတို့ရဲ့ ရာဇဝတ်မှုမြောက် လုပ်ရပ်အပေါ်မှာ ရှင်းလင်းတဲ့သက်သေတွေနဲ့ အချက်အလက်တွေ စုဆောင်းဖို့အတွက်တိုက်တွန်းတယ်" ဆိုပြီး တရားရေးဝန်ကြီးဖြစ်သူ ရီလ်မက်ဇ် တွန့်ချ်က ပြောကြားပါတယ်။
အစွန်းရောက်နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရက်စ်မက်စ် ပဲလ်လူဒန် ဟာ အစ္စလာမ် ဘာသာ အရ အထွတ်အမြတ်ထားတဲ့ ကျမ်းစာအုပ်ပုံစံတူကို မီးတင်ရှို့ခဲ့တာကြောင့် တူရကီနိုင်ငံက ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့တာပါ။
ဆွီဒင်နိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ်မှာ တူရကီသမ္မတ တေးရစ်ပ် အာဒိုဂန် အနေနဲ့ လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် တုံ့ပြန်ဆန္ဒပြခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။
ဒီလို ဆန္ဒပြပွဲတွေ အပေါ် ရဲတပ်ဖွဲ့ရဲ့ခွင့်ပြုချက်ဟာ အစ္စလာမ်ဘာသာကို ဆန့်ကျင်ခိုင်းရာ ရောက်တယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။
ဒါကြောင့် တူရကီမြို့တော် အန်ကာရာရှိ ဆွီဒင်သံရုံးအပြင်ဘက်မှာ လူဒါဇင်ပေါင်းများစွာက ကုရ်အာန်ကျမ်းစာအုပ် မီးရှို့မှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ ဒီဆန္ဒထုတ်ဖော်ပွဲကို တူရကီနိုင်ငံရဲ့ New Welfare ပါတီက စီစဉ်ပြုလုပ် ခဲ့တာပါ။
Source-Reuters