မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့ရှိ နွားဈေးကို ကျွဲနွားရောဂါအခြေအနေကြောင့် ထိုင်းအစိုးရ တိရစ္ဆာန်ကျန်းမာရေးဌာနက ၆ လနီးပါးပိတ်ထားရာကနေ လာမယ် ဩဂုတ် ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ရှိနေတယ်လို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။
ကရင်ပြည်နယ်အပါအဝင် မြန်မာပြည် ဒေသအနှံ့က ကျွဲ နွားတွေကို နွားကုန်သည်တွေနဲ့ ပွဲစားတွေ ကရင်ပြည်နယ်ကနေတဆင့် ပို့ဆောင်ပြီး မဲဆောက်မြို့ရှိ နွားဈေးမှာ ဈေးကွက်ရှာ လာရောက် ရောင်းချလေ့ရှိတာ ဖြစ်ပါတယ်။
သီတင်းတပတ် ၇ ရက်မှာ ကျွဲ နွား အကောင်ရေ ထောင်နဲ့ချီ အရောင်းအဝယ် ဈေးကွက်ရှိနေပြီး အခုလို မြန်မာကျပ်ငွေတန်ဖိုးကျပြီး ထိုင်းဘတ်ငွေတန်းဖိုးမြင့်တက်နေချိန်တွေဆိုရင် အကျိုးအမြတ် ပိုမိုရရှိတယ်လို့ မြန်မာ နွားကုန်သည်တယောက်က ပြောပါတယ်။
မြန်မာပြည်က ကျွဲနွားတွေဟာ ထိုင်းနိုင်ငံဘက်ကို အဓိက ဦးတည်ရောင်းချတာဖြစ်ပေမဲ့ တရုတ်နယ်စပ်ဘက်ကမှာ ဈေးကွက်ရှိလို့ ပို့ဆောင်ရောင်းချကြတာလည်းရှိပါတယ်။
ထိုင်းနိုင်ငံကို ရောက်လာတဲ့ ကျွဲနွားတွေကို ထိုင်းနိုင်ငံမှာ ပြန်လည်မွေးမြူတာ၊ မလေးရှား၊ လာအိုနဲ့ ကမ္ဘောဒီယားနိုင်ငံတွေအထိ ပြန်လည်တင်ပို့ ရောင်းချကြတာလည်းရှိပါတယ်။
မြန်မာပြည်ကနေ ထိုင်းနိုင်ငံဘက်ကို ကျွဲနွားတင်ပို့သယ်ဆောင်ရာမှာ ဂိတ်ပေါင်းများစွာကို ဖြတ်ကျော်ရပြီး ဝန်ထမ်းတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို လာဘ်ငွေပေးရတဲ့အတွက် မကုန်သင့်တဲ့ ငွေတွေပိုမိုကုန်ကျနေတယ်လို့ နွားကုန်သည်ပွဲစားတွေက ပြောပါတယ်။