ယူကရိန်းအတွက် စစ်ရေးဆိုင်ရာ အကူအညီပေးဖို့နဲ့ ပတ်သက်ပြီး ဇူလိုင် ၂၀ ရက်က ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
လာမယ့် ၄ နှစ်တာအတွင်း ယူကရိန်းနိုင်ငံရဲ့ လက်နက်ခဲယမ်းနဲ့ တခြားစစ်ဘက်ဆိုင်ရာ အကူအညီအတွက် ယူရိုငွေ ၂၀ ဘီလီယံအထိ အသုံးပြုသွားမယ့် အဆိုပြုချက်တခုအပေါ်မှာ ဆွေးနွေးခဲ့ကြတာပါ။
အီးယူ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲဖြစ်သူ ဂျိုးဆက်ပ်ဘော်ရဲလ် ကိုယ်တိုင် တင်သွင်းခဲ့တဲ့ ဒီအဆိုပြုချက်ဟာ ယူကရိန်းနိုင်ငံရဲ့ ရေရှည်တည်တံ့မှုအပေါ် ထောက်ပံ့ပေးသွားမယ့် ဥရောပတိုက်ရဲ့ ကြိုးပမ်းမှုထဲက တစိတ်တပိုင်း ဖြစ်တယ်လို့ သိရပါတယ်။
ရုရှားဘက်က စတင်ကျူးကျော်ခဲ့ပြီးနောက် ယူကရိန်းရဲ့ အရေးပေါ်လိုအပ်ချက်တွေကို တုံ့ပြန်မှုပေးနိုင်ဖို့အတွက် ဥရောပသမဂ္ဂအနေနဲ့ တနှစ်ကျော်ကြာအောင် လုံးပန်းနေခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ကြာပတေးနေ့က အီးယူနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း ဘော်ရဲလ်ရဲ့ အဆိုပြုချက်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းအတွက် ကြီးမားတဲ့ ရန်ပုံငွေမြှင့်တင်မှုမှာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ငွေကြေးထည့်ဝင်သွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် မကြာသေးမီကမှ ပြုလုပ်ပြီးစီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲ နောက်ပိုင်း တူရကီနိုင်ငံနဲ့ ဥရောပသမဂ္ဂကြားက ဆက်ဆံရေးကိစ္စ ရပ်ကိုပါ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
Source - Reuters