ဂရိနိုင်ငံ အေသင်မြို့ အနောက်ဘက်မှာ တောမီးလောင်မှု ပြန်အားကောင်းလာပြီး လေထဲမှာ မှောင်မည်းထူထပ်တဲ့ မီးခိုးလုံးတွေ ပြည့်လျှံနေတာကြောင့် ဇူလိုင် ၂၀ ရက်မှာ ဂရိအာဏာပိုင်တွေဟာ နောက်ထပ် လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။
အာဂီယို စို့တီရာစ် အပါအဝင် အဲဒီဒေသရှိ အခြေချနေထိုင်ကြတဲ့ ကျေးရွာ ၄ ခုက ဒေသခံတွေကို ရွှေ့ပြောင်းပေးဖို့ အာဏာပိုင်တွေက တောင်းဆိုခဲ့တာပါ။
အာဂီယို စို့တီရာစ် ရွာအနီးရှိ အဆောက်အဦအနားက သစ်ပင်တွေ မီးလောင်ကျွမ်းနေတာကြောင့် မီးငြှိမ်းသတ်ဖို့ လေယာဉ်ကနေ ရေဗုံးတွေ ကြဲချခဲ့ပြီး မီးသတ်ကားတွေလည်း ထပ်ရောက်လာခဲ့ပါတယ်။
ဂရိနိုင်ငံတောင်ပိုင်းရှိ ရို့ဒ်စ် ကျွန်းနဲ့ လာကိုနီယာ ဒေသတို့မှာလည်း ကြာသပတေးနေ့က မီးလောင်မှု ပျံ့နှံ့ခဲ့ပြီး အပူချိန်တွေ မြင့်တက်လာတာဟာ အန္တရာယ်များပြီး ထိန်းချုပ်မရတဲ့ အခြေအနေမှာ နောက်ထပ်မီးလောင်မှုအသစ်တွေ ဖြစ်ပေါ်လာမယ့် အန္တရာယ်ရှိနေပါတယ်။
မိုးလေဝသဌာနက ဇူလိုင် ၂၁ ရက်ကစတင်ပြီး မီးဘေးအန္တရာယ် မြင့်တက်လာနိုင်ကြောင်း သတိပေးထားပြီး သီတင်းပတ်ကုန်မှာ အမြင့်ဆုံး ၄၅ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိခဲ့တာကြောင့် အပူချိန်တွေ ပိုမိုမြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
Source - Reuters