ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်၊ ၁၁၈ ရပ်ကွက်၊ သံချက်ဝန်ဦးမြူလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာ ဇူလိုင် ၂၁ ရက် မနက် ၇ နာရီခွဲလောက်က ဆိုင်ကယ်စီး အမျိုးသားတယောက် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ ၁၂၅ ရပ်ကွက်က စစ်ကောင်စီခန့် ရာအိမ်မှူးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ကျော်လွင်လို့ သိရပြီး အောင်သပြေလမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင် ထိုင်နေခဲ့ရာက ဆိုင်ထဲကနေ ပြန်အထွက် ဆိုင်ကယ်ပေါ်အရောက်မှာ အမျိုးသား ၂ ဦးက သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အရှေ့ဒဂုံမြို့ခံတဦးက “ရောင်ခြည်သစ် လက်ဖက်ရည်ဆိုင်ကနေ အထွက်မှာ အပစ်ခံရတာ၊ လမ်းမပေါ်မှာပဲ၊ ခေါင်းနဲ့ ဗိုက်မှာ သွေးတွေထွက်နေတာ တွေ့တယ်။ အဲ့နားကဆိုင်တွေဆို သိမ်းပြီး အိမ်ပါပြန်သွားကြတာ။ ရဲရော ရပ်ကွက်လူကြီးတွေရော လာတယ်” လို့ ပြောပါတယ်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် နဖူး ထုတ်ချင်းဖောက်ဒဏ်ရာ၊ ဗိုက်ထိမှန်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၉ မမ ကျည်ဆန်ခွံ ၂ ခုကို တွေ့ရှိရတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်အပြီး ၁၀ မိနစ်လောက်အကြာမှာ ရဲတွေ လာရောက်စစ်ဆေးခဲ့ပြီး ရုပ်အလောင်းကို မြောက်ဥက္ကလာပ မေဓာဝီဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဇူလိုင် ၂၀ ရက် ညပိုင်း ၇ နာရီ မိနစ် ၂၀ လောက်ကလည်း မြောက်ဒဂုံမြို့နယ်၊ ၃၈ ရပ်ကွက်၊ ခရေလမ်းမှာ ဘေးတွဲမောင်းလာတဲ့ အသက် ၄၅ နှစ်အရွယ် ကျော်ဆန်းဝင်းရဲ့ ဘယ်ဘက်နားထင် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။