ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာရှိ သံလမ်းမှာ ဇူလိုင် ၂၀ ရက် မနက်အစောပိုင်းက လူ ၁ ဦး ရထား ကြိတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
လမ်းသွားလမ်းလာတွေက မနက် ၆ နာရီ မိနစ် ၂၀ လောက်မှာ သက်ဆိုင်ရာနဲ့ အရပ်ဖက် ကယ်ဆယ်ရေးအသင်းတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။
မာဃရိပ်ငြိမ်အသင်းတာဝန်ရှိသူ တဦးက “အသင်းကို ၆ နာရီ ၂၀ လောက်က သတင်းဝင်တာ။ အသက်က ၆၀ လောက် ရှိပြီ၊ နဖူးနဲ့ ခေါင်းက ၃ လက်မလောက် ကွဲအက်ထားတယ်။ ခြေနဲ့ လက်လည်း ထိထားပါတယ်။ မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့က သူ့ဆီမှာက ဘာအထောက်အထားမှ မရှိသေးဘူး” လို့ ဆိုပါတယ်။
ရထားကြိတ်ခံရသူဟာ အသက် ၆၀ အရွယ်ရှိ အမျိုးသား ၁ ဦးဖြစ်ပြီး မနက် ၄ နာရီ ၅၅ မိနစ်ခန့်က ဖြတ်မောင်းသွားတဲ့ အမှတ် ၇၂ ပြည်-ရန်ကုန်အစုန်ရထားက တိုက်မိတာကြောင့် ခြေထောက် ပြတ်တောက်၊ လက်နဲ့ ဦးခေါင်း၊ နဖူးတို့မှာ ကွဲအက်ဒဏ်ရာတွေနဲ့ သေဆုံးနေပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပြီး ရုပ်အလောင်း ကို အရပ်ဖက်ကယ်ဆယ်ရေးအသင်းကားနဲ့ အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။