ကရင်နီ-ထိုင်း နယ်စပ်ကို ရောက်ရှိနေတဲ့ စစ်ရှောင် ၅,၀၀၀ ကျော်အတွက် နေထိုင်ဖို့တဲ၊ အမိုးအကာနဲ့ အစားအသောက်တွေ လိုအပ်နေသေးတယ်လို့ ကရင်နီအမျိုးသမီးများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ရှောင်တွေဟာ တောတောင်ထဲမှာ စုပုံပြီး နေထိုင်ရလို့ ခြင်တွေကိုက်ရာနေတဆင့် ဖျားနာတဲ့ရောဂါတွေ၊ တကိုယ်ရေသန့်ရှင်းရေး မလုပ်နိုင်လို့ အရေးပြား ယားယံတဲ့ ရောဂါတွေလည်း ဖြစ်နေကြပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) အတွင်းရေးမှူး မော်ဖရေမြာက “ချက်ချင်း ပြေးလာရလို့ နေရာတွေ ပြန်စီမံပေးရတယ်။ အိမ်သာတွေ ပြန်ဆောက်ရတယ်။ တဲလေးတွေနဲ့ နေရတာဆိုတော့ လုံလောက်မှုမရှိဘူး၊ လိုအပ်နေသေးတယ်။ မိုးရွာရင် အဆင်မပြေဘူး။ လေတိုက် မိုးတိုက်နဲ့ တောထဲမှာဆိုတော့ အအေးဒဏ်မခံနိုင်တဲ့ ဘိုးဘွားတွေနဲ့ အသက် ၂ နှစ်အောက် ကလေးတွေရယ်က ခံနိုင်အားမရှိဘူးလေ။ စုပုံပြီးနေနေရတာ၊ ရေလည်း လုံလောက်မှုမရှိဘူး။ နေထိုင်မှုပုံစံကတော့ နေလို့ရရုံလောက်သာ နေတာ၊ အနေဆင်းရဲ အစားဆင်းရဲနဲ့ ဖြတ်သန်းရတာပေါ့နော” လို့ ပြောပါတယ်။
ကြိုတင်ကာကွယ်ရေးအနေနဲ့ ခြင်၊ တုပ်ကွေးကနေ အကျယ်တပြန့်မဖြစ်အောင် ကျန်းမာရေးပိုင်းဆိုင်ရာ အသိပညာတွေ ဆောင်ရန်ရှောင်ရန်တွေကို မျှဝေပေးထားပြီး ဖြစ်ပေမဲ့ လိုအပ်တဲ့ပစ္စည်းတွေကို အခုထိ မထောက်ပံ့ပေးနိုင်သေးဘူးလို့ သိရပါတယ်။
KNOW အတွင်းရေးမှူး မော်ဖရေမြာက “နဂိုတည်းက သက်ကြီးပိုင်းတွေမှာ သွေးတိုးတို့၊ ရောဂါအခံရှိတဲ့သူတွေရှိတယ်။ မိုးတွင်းကာလ ဖြစ်တဲ့အတွက် ခြင်တွေအရမ်းပေါတယ်။ ခြင်ကိုက်ခံရပြီး တုပ်ကွေးဖြစ်သွားရတဲ့သူတွေ ရှိတယ်။ ကျန်းမာရေးနောက်ဆက်တွဲ ခံစားရတဲ့သူတွေရှိတယ်။ တကယ်ဖြစ်လာတဲ့အခါမှာ ထောက်ပံ့မလုပ်ပေးနိုင်တော့ ဘယ်လောက်ပဲ ကြိုတင်ကာကွယ်မှုပြောပြော လိုအပ်တဲ့ပစ္စည်း မရှိရင် မထိရောက်ပါဘူး” လို့ ပြောတယ်။
စစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် တာဝန်ရှိသူတွေက ယာယီလက်ခံ နေရာချပေးထားပြီး လိုအပ်တဲ့အကူအညီတွေကို NGO အဖွဲ့အစည်းတွေနဲ့ လူမှုအသင်းအဖွဲ့တွေက ကူညီပေးနေတာ ဖြစ်ပါတယ်။
နယ်စပ်ကိုရောက်ရှိလာတဲ့ စစ်ရှောင်တွေဟာ ဖရူဆို၊ ဒီးမော့ဆို၊ အများအားဖြင့် ရှားတောမြို့၊ ဖားဆောင်း၊ ဘောလခဲနဲ့ လွိုင်ကော်မြို့တွေကနေ တိမ်းရှောင်လာတဲ့သူတွေ ဖြစ်ကြပါတယ်။