အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့မရှိဘဲ အသင်းမှာပဲ ဆက်လက်ကစားသွားမှာ ဖြစ်ကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ပြောသွားပါတယ်။
နေမာဟာ မနှစ်တုန်းက ခြေကျင်းဝတ်ဒဏ်ရာတွေကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့သူပါ။
လက်ရှိ အချိန်မှာတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး အရင်ကလို အကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိဖို့ ကြိုးပမ်းနေကြောင်း နေမာက ပြောပါတယ်။
နေမာက “ဒီနှစ်ရာသီမှာတော့ အသင်းမှာပဲဆက် ကစားဖို့မျှော်လင့်ပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်းလည်း ကျန်ရှိနေသေးပြီး လက်ရှိအချိန်ထိတော့ ဘယ်သူကမှ အပြောင်းအရွှေ့ကိစ္စ ပြောတာမရှိပါဘူး”လို့ ပြောပါတယ်။
မနှစ်ကရာသီတုန်းက ပီအက်စ်ဂျီပရိသတ်တချို့ဟာ နေမာရဲ့နေအိမ်ရှေ့အထိသွားရောက်ပြီး အသင်းကနေထွက်ခွါဖို့ ဖိအားပေးတောင်းဆိုခဲ့ကြပါသေးတယ်။