ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်း ခါခိဗ်ဒေသက မော့ဗ်ချန်နော့ဗ် မီးရထားဘူတာရုံကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။
ဒေသအများအပြားကို ပြီးခဲ့တဲ့ စက်တင်ဘာလက ပြန်သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းက ရုရှားဟာ အဲဒီနေရာမှာ ထပ်မံထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ခုသီတင်းပတ်မှာ ပြောခဲ့ပါတယ်။
ဩဒက်ဆာမြို့နားက စစ်ဘက်ဆိုင်ရာ စက်ရုံတွေ၊ လောင်စာဆီနဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေအပြင် ကီရိုဗို ဂရဒ်စကာ ဒေသက ယူကရိန်းလေတပ် အခြေစိုက်စခန်းကိုလည်း ရုရှားစစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ အစ်ဂေါ ကိုနာရှန်ကို့ဗ်က ပြောပါတယ်။
ခရိုင်းမီးယားကျွန်းဆွယ်က စစ်ရေးလေ့ကျင့်ရေးကွင်းနားမှာတော့ ဇူလိုင် ၁၉ ရက်က မီးအကြီးအကျယ်လောင်ခဲ့လို့ ဧရိယာအတွင်း နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ကျယ်လောင်တဲ့ အသံဗလံတွေကြောင့် ကြောက်လန့်နေကြတယ်လို့လည်း ဆိုပါတယ်။ ပထမပေါက်ကွဲမှုက မနက် ၄ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး ပြတင်းပေါက်တွေ လှုပ်ယမ်းသွားခဲ့တယ်၊ ညကောင်းကင်မှာ တောက်ပတဲ့ အလင်းရောင်တွေ လင်းထိန်သွားခဲ့တယ်လို့ ပါဗိုမွိုက်စ်ခ် အခြေချနေထိုင်ရာနေရာက ယာယီစခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။
ခရိုင်းမီးယားကျွန်းဆွယ်မှာရှိတဲ့ ကီရို့ဗ်စ်ခ် ခရိုင်ထဲက စစ်ရေးလေ့ကျင့်ရေးကွင်းမှာ မီးလောင်လို့ လူပေါင်း ၂,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး အနီးနားက အဝေးပြေးလမ်းတွေကိုလည်း ပိတ်ထားခဲ့ရတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
တနင်္လာနေ့က ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားနိုင်ငံကို ဆက်သွယ်ထားတဲ့ တံတားတစင်း ပေါက်ကွဲခဲ့ပါသေးတယ်။
ရုရှားအစိုးရက ဒီဖြစ်ရပ်အတွက် ယူကရိန်းကို အပြစ်တင်ပြီး သမ္မတ ဗလာဒီမာပူတင်က လက်တုံ့ပြန်မယ်လို့ ပြောအပြီး နှစ်ရက်အကြာမှာ အကြောင်းပြချက်မရှိ ခုလို မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။
Source - Reuters